မြစ်ကြီးနား ဒီဇင်ဘာ ၁၇
ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ဒီဇင်ဘာ အားကစားလ တတိယပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
ရှေးဦးစွာ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့စုရပ်မှ စတင်တာလွှတ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ အား/ကာ တိုက်တန်းလမ်းမှ ရုံးကြီးလမ်းတစ်လျှောက်၊ ထိုမှတစ်ဆင့် သခင်နက်ဖေလမ်းအတိုင်း ပြည်သူ့အားကစားကွင်းအတွင်းသို့ ဝင်ရောက်ကာ တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
ထို့နောက် ပြည်သူ့အားကစားကွင်းအတွင်း ကိုယ်လက်ကြံ့ခိုင်ရေး အတွဲအမှတ် (၁)နှင့် (၂) လေ့ကျင့်ခန်းနှင့် Fitness Dance အကတို့ကို စုပေါင်းလေ့ကျင်ခဲ့ကြကာ အားကစားကွင်းအတွင်း လမ်းလျှောက်ပွဲ တက်ရောက်လာသူများအတွက် ပျော်ပွဲရွှင်ပွဲ ကစားပြိုင်ပွဲများ ပြုလုပ်ပေးပြီး အိမ်အသုံးအဆောင် ပစ္စည်းများကို ကံစမ်းမဲနှိုက်၍ ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အတွင်းရှိ ပြောင်းစိုက်တောင်သူများအား စိုက်ပျိုးရေး နည်းပညာများနှင့် အထောက်အပံ့များ ပေးအပ်နိုင်ရေးအတွက် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ် ပြောင်းလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများ၊ ပြောင်းစိုက် တောင်သူများနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ကာ ဒေသတွင်း ပြောင်းစိုက်တောင်သူများအတွက် မြေပိုင်ဆိုင်မှုရရှိရေး၊ ပြောင်းစိုက်ဧကများ တိုးချဲ့ဆောင်ရွက်ပေးနိုင်ရေး၊ အကျိုးတူ လယ်ယာစနစ်ဖြင့် စိုက်ပျိုးအောင်မြင်လာစေရေးနှင့် လာမည့်နှစ်အတွင်း ပြောင်းစိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ကချင်ပြည်နယ်တွင် အစေ့ထုတ်ပြောင်းစိုက်ဧကမှာ ယခုနှစ် မိုးရာသီတွင် ဧကပေါင်း ၄၅၃၈၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဆောင်းရာသီ စိုက်ပျိုးရန်အတွက် ပြင်ဆင်လျက်ကြောင်းနှင့် ယခင်နှစ်က မိုးပြောင်းစိုက်ဧက ၄၂၈၈၈ ဧကနှင့် ဆောင်းပြောင်းစိုက်ဧက ၃၆၈၆၇ ဧက ဖြစ်ရာ စုစုပေါင်း မိုးပြောင်းနှင့် ဆောင်းပြောင်း စိုက်ဧက ၇၉၇၅၅ ဧက စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ကြောင်း ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ သိရှိရပြီး အစေ့ပြောင်းထုတ်ကုန်များကို ကန်ပိုက်တီနှင့် လွယ်ဂျယ်နယ်စပ်ဂိတ်များမှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့မှုအများဆုံးဖြစ်ကြောင်း ပြည်နယ် ပြောင်းစိုက်လုပ်ငန်းရှင်များအသင်းမှ သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)