မြစ်ကြီးနား ၄ စက်တင်ဘာ 


ကချင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီမှ ကြီးမှူးကျင်းပသော ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအတွက် ဥပဒေပါ အချက်အလက်များ၊ ဝန်ကြီးဌာနများအလိုက် ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။


ဟောပြောပွဲတွင် ပြည်နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းက “အသိပညာပေး ဟောပြောပွဲဟာဆိုရင် ကလေးများအတွက် မလိုလားအပ်သော အကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်မှု၊ လျစ်လျူရှုမှုတွေကနေ ကာကွယ်စောင့်ရှောက်နိုင်စေ ဖို့ အတွက် နိုင်ငံတော်က ဆောင်ရွက်ပေးနေမှုတွေကို ပြည်သူလူထုကို တင်ပြသွားမှာ ဖြစ်တဲ့အတွက် ပြည်နယ်အတွက်ကောင်းမွန်သည့် အခွင့်အရေးဖြစ်ပါတယ်၊ ထိခိုက်လွယ်တဲ့အုပ်စုများမှာ ပါဝင်သည့် ကလေးသူငယ်များကို ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နိုင်ဖို့ ဆောင်ရန်၊ ရှောင်ရန်နှင့် သင်ကြားထားရန်တို့ကို သိရှိပြီး မိမိတို့ရပ်ရွာနှင့် ပတ်ဝန်းကျင်မှာရှိသည့် ကလေးများကို ကာကွယ်စောင့်ရှောက် သွားကြရေးကိုလည်း တိုက်တွန်းလိုပါတယ်" ဟု ပြောကြားသည်။


ယင်းနောက် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးခြင်းနှင့် ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်မြမာလာစိုးက ဝန်ကြီးဌာန၏ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများနှင့် စီမံချက်များ ချမှတ်ဆောင်ရွက်နေမှုများ၊ မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မိုးက ပြည်သူ့ရဲတပ်ဖွဲ့ အနေဖြင့် ကလေးသူငယ်များအပေါ် ကာကွယ်စောင့်ရှောက်မှုနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းများ၊ ဝိုင်းမော်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိန်းမြို့က ကျန်းမာရေးဌာနမှ ဆောင်ရွက်နေမှုများနှင့် ဒုတိယပြည်နယ်ဥပဒေအရာရှိ ဦးတူးခေါင်က ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်သည့် ဥပဒေလုပ်ထုံးလုပ်နည်းများကို အသိပညာပေးဟောပြာ ခဲ့ကြသည်။


ဟောပြောပွဲသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ INGO ၊ NGO အဖွဲ့အစည်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုရေး အသင်းအဖွဲ့များ၊ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများနှင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ IDPs စခန်းနေပြည်သူများ တက်ရောက်ခဲ့ကြသည်။


ပြည်နယ်ပြန်/ဆက်