မြစ်ကြီနား မတ် ၈
အလုပ်သမားဝန်ကြီးဌာန ကချင်ပြည်နယ် လူမှုဖူလုံရေးအဖွဲ့ရုံးတွင် အာမခံအလုပ်သမား သေဆုံး၍ ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေကျပ် သိန်း ၁၅၀ လွှဲပြောင်းပေးအပ်ပွဲကို မတ် ၈ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ အဆိုပါ ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ ကချင်ပြည်နယ် လူမှုဖူလုံရေးရုံး ပြည်နယ်တာဝန်ခံ ဒေါ်သင်းသင်းထွေးက ကျန်ရစ်သူအကျိုးခံစားခွင့် ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဟန်စောလင်းက အလုပ်သမား ဥပဒေရေးရာနှင့် ပတ်သက်၍ လည်းကောင်း၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်လှိုင်က အလုပ်သမားရေးရာ ဥပဒေများနှင့် ပတ်သက်၍လည်းကောင်း၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ခင်ခင်အောင်က အလုပ်သမားရေးရာ ဥပဒေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကာ ပြည်နယ်တာဝန်ခံ ဒေါ်သင်းသင်းထွေးက အာမခံအလုပ်သမားဖြစ်သည့် မြန်ရွှေပြည် ထရက်တာလီမိတက်မှ လုပ်ငန်းခွင်ပြင်ပထိခိုက်သေဆုံးသူ ဦးဇော်လော့ဒ်အောင်၏ ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေကျပ် သိန်း၁၅၀ အား ကျန်ရစ်သူ၏ ဖခင် ဦးဆင်ယော်နှင့် ဆွေးမျိုးများက လက်ခံရယူသည်။ ဆက်လက်၍ ကျန်ရစ်သူ အကျိုးခံစားခွင့် လက်ခံရရှိသည့် တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကာ ပြည်နယ်တာဝန်ခံ ဒေါ်သင်းသင်းထွေးမှ နိဂုံးချုပ် ကျေးဇူးတင်စကား ပြောကြားသည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာနအောက်ရှိ မိတ်ဖက်ဌာနများမှ ပြည်နယ်အဆင့်တာဝန်ရှိသူ များ၊ မြန်ရွှေပြည်ထရက်တာလီမိတက်မှ တာဝန်ရှိသူများနှင့် ကျန်ရစ်သူမိသားစုဝင်များ တက်ရောက်ကာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်နှင့် အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ယော်ဆောင်(ပြန်/ဆက်)


