မြစ်ကြီးနား ဧပြီ ၅

 

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိသည့်အပြင် ဗဟိုမဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲများ ထည့်သွင်းကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း မဟာသင်္ကြန်ပွဲတော် ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

 

သို့ဖြစ်ပါ၍ ဗဟိုမဏ္ဍပ်တွင် ယိမ်းအကဖြင့် ပါဝင် ယှဉ်ပြိုင်သွားမည့် ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များအနေဖြင့် လေ့ကျင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ ယိမ်းအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယိမ်းအဖွဲ့တို့က ပြည်နယ်အစိုးရအဖွဲ့ရုံး၌ လေ့ကျင့်လျက်ရှိပြီး စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့တော်ခန်းမ၌ လေ့ကျင့် ပြင်ဆင်လျက်ရှိသည်။

 

ယင်းသို့ ယိမ်းအဖွဲ့များ လေ့ကျင့်ပြင်ဆင်နေမှုများနှင့် စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားပြု ယိမ်းအဖွဲ့အနေဖြင့် ကိုယ်ပိုင်သံစဉ်/ ကိုယ်ပိုင်စာသား/ ဆိုင်းဝိုင်းနှင့် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ယိမ်းအဖွဲ့အနေဖြင့် စီဒီတေးသီချင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည့်အပြင် စည်ပင်သာယာရေးအဖွဲ့ ကိုယ်စားပြုယိမ်းအဖွဲ့အနေဖြင့် ဗဟိုမဏ္ဍပ်ယိမ်းအက ပြိုင်ပွဲတွင် ကိုယ်ပိုင်သံစဉ်/ ကိုယ်ပိုင်စာသား/ တီးဝိုင်းနှင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယိမ်းအဖွဲ့များ၏ အုပ်ချုပ်သူများထံမှ သိရသည်။

 

အဆိုပါ ဗဟိုမဏ္ဍပ် ယိမ်းအကအလှပြိုင်ပွဲကို ပြည်နယ်အစိုးရအဖွဲ့အပါအဝင် ဝန်ကြီးဌာန အသီးသီး ကိုယ်စားပြု ယိမ်းအဖွဲ့များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု ယိမ်းအဖွဲ့နှင့် မြို့ပေါ် ရပ်ကွက်များမှ ယိမ်းအဖွဲ့များက ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး ယိမ်းအကပြိုင်ပွဲ ကျင်းပရေးကော်မတီအနေဖြင့် ကိုယ်ပိုင်စာသား/ ကိုယ်ပိုင်အဆို/ ကိုယ်ပိုင်အတီးဖြင့် လည်းကောင်း၊ ကိုယ်ပိုင်စာသား/ စီဒီဖြင့် လည်းကောင်း၊ စီဒီတေးသီချင်းဖြင့်လည်းကောင်း ပြိုင်ပွဲ အမျိုးအစားသုံးမျိုးဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ဆုများကိုလည်း ကချင်ပြည်နယ်အစိုးရအဖွဲ့က ထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)