မြစ်ကြီးနား   အောက်တိုဘာ   ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လဘတ်ဂျက်တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကျေးရွာများ ပဏာမဦးစားပေး ရွေးချယ်အတည်ပြုခြင်းကို အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ဘုန်းလင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းတို့က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေသူရိန်စိန်လှက ကျေးရွာရွေးချယ်ရေး စံနှုန်းများ၊ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှုများကို Power Point ဖြင့် ဆွေးနွေးတင်ပြပြီး စီမံကိန်းကျေးရွာများကို ကျေးရွာရွေးချယ်ရေး စံနှုန်းများနှင့်အညီ အတည်ပြု ရွေးချယ်ကြသည်။

၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လဘတ်ဂျက်တွင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာ နှစ်ရွာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကျေးရွာ လေးရွာ စုစုပေါင်းကျေးရွာ ခြောက်ရွာတွင် နိုင်ငံတော်ခွင့်ပြုငွေကျပ် သိန်း ၁၀၀၀ ဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို သတ်မှတ်ဘဏ္ဍာနှစ်အမီ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းမြင့်မိုရ်(ကျေးလက်)