မြစ်ကြီးနား ဇူလိုင် ၁၉

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ကြီးနားတက္ကသိုလ်၌ လာမည့်နိုဝင်ဘာလတွင် နိုင်ငံတကာပညာရေးဖိုရမ် - ၂၀၂၆ ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါတက္ကသိုလ်မှ သိရသည်။

 

အဆိုပါ ဖိုရမ်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက် ၇ နာရီတွင် မြစ်ကြီးနားတက္ကသိုလ်ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် တက္ကသိုလ်သုတေသနစင်တာနှင့် တက္ကသိုလ်ဝင်းအတွင်းရှိ အဆောင်များကို ကြည့်ရှုစစ်ဆေးပြီး ဖိုရမ်သည် မြစ်ကြီးနားမြို့၌ နိုင်ငံတော်အဆင့် ပထမဆုံးအကြိမ် ကျင်းပသွားမည့် ဖိုရမ်ဖြစ်သည့်အတွက် လိုအပ်မှုမရှိစေရန် ကြိုတင်ပြင်ဆင်မှုအားလုံးဆောင်ရွက်နိုင်ရေးဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

အဆိုပါဖိုရမ်ကို အာဆီယံနိုင်ငံများ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယားနှင့် ရုရှားနိုင်ငံတို့မှ ထိပ်သီးတက္ကသိုလ်များ၊ ပြည်ပအဖွဲ့အစည်းများမှ ပညာရှင်များ၊ စာတမ်းရှင်များ တက်ရောက်ကြမည်ဖြစ်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများ၊ လူမှုအသုံးချသိပ္ပံ၊ ဘာသာစကားနှင့် ယဉ်‌ကျေးမှုအမွေအနှစ်များ၊ လူမှုရေးသိပ္ပံ၊ ငြိမ်းချမ်းရေး၊ MSME ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ၊ ဉာဏ်ရည်တု(AI) နည်းပညာ၊ ကမ္ဘာလုံးဆိုင်ရာသင်ကြားပြသမှုစနစ်နှင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စသည့်အဓိကကဏ္ဍကြီး (၄)ခုနှင့် စပ်လျဉ်းသည့် စာတမ်းဖတ်ပွဲများပါဝင်မည့်အပြင် ဒေသထွက်ကုန်ပြခန်းများ၊ ရိုးရာယဉ်ကျေးမှုပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)