မြစ်ကြီးနား နိုဝင်ဘာ ၁၆
မြစ်ကြီးနားမြို့၌ ဖွင့်လှစ်မည့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း မြေနေရာနှင့် နည်းပညာ တက္ကသိုလ် ပရဝဏ်အတွင်း သန့်ရှင်းသာယာလှပရေးတို့အား ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့က နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးတို့သည် ပြည်နယ်ဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ ပြည်နယ်အားကစားနှင့် ကာယပညာသိပ္ပံကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် လျာထား သတ်မှတ်ထားသည့် မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာအုပ်စု၊ ပိတောက်ပယ်ဖျတ်ကွင်းရှိ မြေနေရာနှင့် အဆိုပါကျောင်း လျာထားမြေနေရာ အဝင်လမ်းအား ကြည့်ရှုစစ်ဆေးကြပြီး သတ်မှတ်မြေဧရိယာ အတွင်း အား/ကာ သိပ္ပံကျောင်း အပါအဝင် မြို့ပြ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုးချဲ့ဆောင်ရွက် သွားမည့် ရှေရှည်စီမံကိန်းလုပ်ငန်း အစီအစဉ်များ ရေးဆွဲဆောင်ရွက်နိုင်ရေးတို့အား ညှိနှိုင်းပေါင်းစပ် ဆွေးနွေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် မြစ်ကြီးနား နည်းပညာတက္ကသိုလ် သို့ ရောက်ရှိပြီး ကျောင်းပရဝဏ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် လှည့်လည်ကြည့်ရှု စစ်ဆေးပြီး နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးက ကျောင်းဝင်းအတွင်းအပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပြင်ဆင်ဆောင်ရွက်မှုများကို တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လမ်းညွှန်မှာကြားပြီး နည်းပညာတက္ကသိုလ် ပြန်လည်ဖွင့်လှစ်ပါက ကျောင်းသား ကျောင်းသူများအား စာရင်းဇယားကောက်ယူပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


