မြစ်ကြီးနား နိုဝင်ဘာ ၅

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ၏ စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ပလန(၅) (သဇင်မြိုင်ကျေးရွာ)၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာဖွံ့ဖြိုးရေးခန်းမဆောင်၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေသူရိန်စိန်လှ က မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျှော့ချနိုင်စေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အခြားမိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယခုလိုစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေး ပေးရခြင်းဖြစ်ကြောင်း၊ ရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေသူရိန်စိန်လှနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များ၏ ပလန(၅) (သဇင်မြိုင်ကျေးရွာ)၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်းများလုပ်ကိုင်ရန် အသင်းသူ၊ အသင်းသားစုစုပေါင်း ၈၀ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း ၅၀၀ ထုတ်ချေးပေးနေမှုကို ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း၊ မြစ်ကြီးနားမြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း ၃၈ ယူနစ်ဆောင်ရွက်လျက်ရှိရာ ပလန(၅) (သဇင်မြိုင်ကျေးရွာ)သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်ကျေးရွာဖြစ်ကြောင်း သိရသည်။

မင်းမြင့်မိုရ်(ကျေးလက်)