မြစ်ကြီးနား၊  ၆ ဒီဇင်ဘာ

ကချင်ပြည်နယ်  မြစ်ကြီးနားမြို့နယ်အတွင်း မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးရမိသည့် အမျိုးသမီးတစ်ဦးတွင် Covid-19 ရောဂါပိုးတွေ့ရှိခြင်းကြောင့် မူးယစ်ဆေးဝါးမှုနှင့်ပတ်သက်ပြီး တာဝန်ရှိသူနှင့် ရဲအချုပ်တို့မှ ရဲတပ်ဖွဲ့ဝင်(၁၅)ဦးကို သတ်မှတ် Quarantine စင်တာသို့ ပို့ဆောင်ထားကြောင်း မြစ်ကြီးနား မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မိုးထံမှ သိရသည်။

 

ဖြစ်စဉ်ကတော့ ဒီဇင်ဘာ ၂ ရက် မြစ်ကြီးနားမြို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု တပ်ဖွဲ့ဝင်တွေက မြစ်ကြီးနားမြို့ ပလန နယ်မြေရဲတပ်ဖွဲ့စခန်းအပိုင်နယ်မြေမှာ အမျိုးသမီးတစ်ဦးကို မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိတယ်။ ဆက်လက်စစ်ဆေးရာမှာတော့ ဝိုင်းမော်မြို့က အမျိုးသမီး တစ်ဦးကို မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးနိုင်ခဲ့တာပါ။ သူတို့ကို Covid-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးဖို့ ဆောင်ရွက်ရာမှာ ဒီဇင်ဘာ ၄ ရက်က စစ်ခွင့်ရပြီး ဖမ်းဆီးရမိတဲ့ အမျိုးသမီးတစ်ဦးကိုတော့ Covid-19 ရောဂါပိုးတွေ့ရှိခဲ့တာပါ။ အခုလို သူ့မှာ ရောဂါပိုးတွေ့ရှိတော့ သူတို့ကို ဖမ်းဆီးခဲ့တဲ့ မူးယစ်ရဲတပ်ဖွဲ့ဝင် တွေ သူတို့ကို ချုပ်တဲ့ ရဲတပ်ဖွဲ့စခန်းက တာဝန်ကျ ရဲနဲ့ အချုပ်ခန်းကပ်လျက်က အချုပ်သား တစ်ဦး တို့ကို ဒီဇင်ဘာ ၅ ရက်က  Quarantine စင်တာတွေကို ပို့ဆောင် ဆေးစစ်တာတွေကို ဆောင်ရွက် ထားတယ်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မိုးက ပြောသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင် (၈)ဦး၊ ပလန နယ်မြေ ရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင်(၇)ဦး၊ အချုပ်သားတစ်ဦးတို့ကို Quarantine စင်တာသို့ ပို့ဆောင်ထားရှိပြီး ဆက်စပ်သူများအား ဆက်လက်ဖော်ထုတ်ကာ Covid-19 ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များ အလိုက်  လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

မိုဃ်းကျ(မြစ်ကြီးနား)