မြစ်ကြီးနား စက်တင်ဘာ ၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အရပ်ဖက်လူမှုရေး အသင်းအဖွဲ့များ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် ရပ်ကွက်များအလိုက် စေတနာ့ဝန်ထမ်း အစုအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၃ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘာသာရေး အဖွဲ့အစည်းများမှ ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ အတည်ပြုလူနာများ ပြုစုစောင့်ရှောက်ရေးစခန်းများသို့ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နောင်နန်းကျေးရွာအုပ်စု၊ နောင်နန်းကျေးရွာရှိ တြီနီတီနှစ်ခြင်းခရစ်ယာန် အသင်းတော် ဘုရားကျောင်းဝင်းအတွင်း နောင်နန်းကျေးရွာ၊ ပလန ကျေးရွာများအတွင်းမှ ကိုဗစ်-၁၉ အတည်ပြုလူနာများ ပြုစုစောင့်ရှောက်ရေးစခန်း ဖွင့်လှစ်ထားရှိမှု အခြေအနေကို တာဝန်ရှိသူများနှင့် မေးမြန်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က “ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို ယခုလို ဘာသာရေးအဖွဲ့အစည်းအသီးသီးမှ စေတနာ့ဝန်ထမ်း လူငယ်များစုဖွဲ့၍ ပူးပေါင်းပါဝင် ဆောင်ရွက်လာသည့်အတွက် မိမိတို့အနေဖြင့် ကျေးဇူးအထူးတင်ရှိသည့် အပြင် မိမိတို့ စုဆောင်းထားရှိသည့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများကိုလည်း အတူတကွ မျှဝေသုံးစွဲနိုင်ရေး ယခုလို လာရောက်ရခြင်းဖြစ်ကြောင်း” ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စခန်းအတွင်းရှိ လူနာများအား အားပေးစကားပြောကြားပြီး တာဝန်ရှိသူများထံ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် မန်ခိန်ရပ်ကွက်အတွင်းရှိ ပထမလီဆူနှစ်ခြင်းအသင်းတော် ဘုရားကျောင်းဝင်းအတွင်း ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ပြုစုစောင့်ရှောက်ရေးစခန်းသို့ သွားရောက်ပြီး အသင်းတော် တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားခဲ့ပြီး ကိုဗစ် - ၁၉ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်သည်။
ပြည်နယ်(ပြန်/ဆက်)


