မြစ်ကြီးနား ၉ ဇွန် 

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကာလအတွင်း ယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းအပါအဝင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ယာယီရပ်နားထားရာမှ ဇွန် (၈)ရက်နေ့မှ စတင်ဆောင်ရွက်‌ပေးလျက်ရှိကြောင်း ပြည်နယ်ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

“ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အ‌ရေးပေါ်တုံ့ပြန်ရေးကာလအတွင်းမှာ ရောဂါပိုးကူးစက်မှု မဖြစ်ရလေအောင် ဝန်ဆောင်မှုလုပ်ငန်းများကို ယာယီရပ်နားထားခဲ့တာပါ။ ဇွန် (၈)ရက်နေ့ကစပြီး ယာဉ်မှတ်ပုံတင်ခြင်း သက်တမ်းတိုးခြင်း လုပ်ငန်းတွေဆောင်ရွက်ပေးမှာဖြစ်ပါတယ်၊ လူစုလူဝေးနှင့်ဆောင်ရွက်ရတဲ့ ယာည်စည်းကမ်း၊ လမ်းစည်းကမ်းအပါအဝင် ယာဉ်မောင်းလိုင်စင်အသစ် ဆောင်ရွက်ခြင်းကိုတော့ ဆက်လက်ရပ်နားထားမှာပါ” ဟု သိရသည်။

 

“ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးရာမှာ ဝန်ဆောင်မှုလုပ်ငန်းများ စတင်ရပ်နားခဲ့တဲ့ မတ်လ (၃၀)ရက်မှ ဇွန်လ (၈) ရက်နေ့အထိ ရက်ပေါင်း (၇၀) အတွင်း သက်တမ်းလွန်ခဲ့တာတွေကို သက်တမ်းလွန်ဒဏ်ကြေး ပေးဆောင်ရန်မလိုဘဲ စတင်ရက်နားခဲ့တဲ့ မတ်လ (၃၀) ရက် မတိုင်ခင် သက်တမ်းကုန် တာကြတော့ ဒဏ်ကြေး‌ပေးဆောင်ရမှာဖြစ်ပါတယ်၊ ယာဉ်နှင့်ယာဉ်မောင်းလိုင်စင်  သက်တမ်းကင်းလွတ်ကာလမှာ မတ်လ (၃၀)ရက်နေ့ ကုန်ဆုံးသူတွေကို ဇွန်လကုန် အထိ လည်းကောင်း၊ ဧပြီ(၃၀)ရက်နေ့ ကုန်ဆုံးသူတွေကိုတော့ ဇူလိုင်လကုန်အထိလည်းကောင်း၊ မေလ (၃၁) ရက်နေ့ ကုန်ဆုံးသူတွေကိုတော့ သြဂုတ်လကုန်အထိလည်းကောင်း၊ ဇွန်လ(၃၀)ရက်နေ့ ကုန်ဆုံးသူတွေကို စက်တင်ဘာလ ကုန်အထိလည်းကောင်း ဒဏ်‌‌ကြေးကင်းလွတ်ခွင့်ပြုကာ ဆောင်ရွက်‌ပေးသွားမှာဖြစ်ပါတယ်” ဟု  ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာ အောင်နိုင်မြင့် ထံမှသိရသည်။

 

စိန်ဝင်း(ပြန်/ဆက်)