မြစ်ကြီးနား ၃၀ ဩဂုတ်                                   

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့မစံပြဈေးတွင် လတ်တလောဖြစ်ပွားနေသည့် Covid-19 ရောဂါနှင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများကြောင့် စားသုံးသီးနှံဈေးကွက်တွင် ခရမ်းချဉ်သီးတစ်ခြင်းလျှင် ငွေကျပ် ၁၀၀၀၀ နှုန်း မြင့်တက်သွားကြောင်း မြစ်ကြီးနားမြို့ မြို့မရေစင်ကွင်းဈေးရှိ ခရမ်းချဉ်သီးအရောင်းဒိုင်မှ သိရသည်။

 

အရင်တလောလေးကတော့ ခရမ်းချဉ်သီးတစ်ပိဿာကို ကျပ် ၈၀၀၊ ၁၀၀၀ နဲ့ လက်ကားရောင်းချပေးတာပါ၊ အခုတစ်ပတ်အတွင်းမှာ ဈေးကတက်သွားတာ၊ ဈေးတက်တာကလည်း သိသိသာသာတက်သွားတယ် ပြောလို့ရတယ်၊ အခုလက်ကားပေးနေတာက တစ်ပိဿာကို ကျပ် ၁၅၀၀ ကနေ ၁၈၀၀ အထိ ဖြစ်သွားတာ၊ တစ်ခြင်းကို (၁၃)ပိဿာကျော်ပါတယ်၊ ဈေးတက်ရတဲ့အကြောင်းကလည်း ကန်ပိုက်တီ လမ်းပြတ်တောက်ပြီး ဗန်းမော်လမ်းကတစ်ဆင့် တရုတ်ပြည်က ခရမ်းချဉ်သီးတင်ဆောင်ရလို့ ကားခဈေးတက်တာရယ်၊ အောက်ပိုင်း ခရမ်းချဉ်သီး ဈေးမြင့်တက်သွားတာရယ်ကြောင့်ပါဟု ခရမ်းချဉ်သီးအရောင်း လက်ကားဒိုင်ပိုင်ရှင်က ပြောသည်။

 

မြစ်ကြီးနားမြို့တွင် ဒေသတွင်း သီးနှံစိုက်ပျိုးမှုများရှိသော်လည်း မိုးများသဖြင့် ခရမ်းချဉ်သီးစိုက်ပျိုးမှုခက်ခဲပြီး တရုတ်နိုင်ငံနှင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ထွက်ရှိသည့် ခရမ်းချဉ်သီးများကို အားထားစားသုံးနေရကာ ယခုကဲ့သို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ချိန်များတွင် အချိန်အခါနှင့် ကိုက်ညီစွာ သီးနှံကုန်ဈေးနှုန်းများ မြင့်တက်လေ့ရှိသော်လည်း ယခုကဲ့သို့ မြင့်တက်ခြင်းများ မရှိဘူးကြောင်း သီးနှံကုန်စည်ဈေးကွက်မှ သတင်းရရှိသည်။

 

မိုဃ်းကျ(မြစ်ကြီးနား)