မြစ်ကြီးနား  ၂၃  မေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်၌ ယနေ့ ညနေ ၄ နာရီ ၂၀ မိနစ်က အမှိုက်ပုံမီးရှို့ရာမှတစ်ဆင့် ဆိုင်ကယ်ပစ္စည်းအဟောင်းများ သိုလှောင်သည့်ဂိုဒေါင်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ နယ်မြေ(၁၃)ရှိ နေအိမ်တွင်မီးလောင်ကျွမ်းနေကြောင်း တာဝန်သိပြည်သူတစ်ဦးမှ မီးသတ်ဦးစီးဌာနသို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားမှုကြောင့် ကချင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်သည့် မီးသတ်သန္ဓေတပ်ဖွဲ့ဝင် ၅၂ ဦး၊ အရန်တပ်ဖွဲ့ဝင် ၁၅ ဦးနှင့် ရပ်ကွက်နေပြည်သူများက မီးငြှိမ်းသတ်ယာဉ် ၆ စီး၊ ရေသယ်ယာဉ် ၃ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ညနေ ၄ နာရီ ၃၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ ရမ်ပူရပ်ကွက်၊ နယ်မြေ(၁၃)နေ ဦးဝင်းမြင့်ပိုင်ဆိုင်သည့် အလျှား ၄၀ ပေ၊ အနံ ၁၅ ပေရရှိ သွပ်မိုး၊ သံဇကာကာရံထားသည့် တစ်ထပ်မြေစိုက်ဂိုဒေါင်အနီးတွင် အမှိုက်များမီးရှို့မှုကြောင့် ဂိုဒေါင်အတွင်း ဒီဇယ်စိမ်ထားသည့် ဆိုင်ကယ်အဟောင်းပစ္စည်းများမှ အပူငွေ့ပျံကာ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)