နေပြည်တော် ၁၁ မေ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၀ ရက် ညနေ ၄ နာရီခွဲက မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်တွင် ဝင်းသိမ့် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၉၀၀ ၊ ဘိန်းဖြူ သုည ဒသမ ၂ ဂရမ်နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မြစ်ကြီးနားမြို့၊ ဒူကထောင် ရပ်ကွက်နေ မမာဘောက်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၄င်းအား လက်ကိုင်ဖုန်းတစ်လုံး နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဧဒင်ကျေးရွာအထွက်၊ ဝမ်ကျောက်လုံ - ပန်စလိကျေးရွာသွားလမ်းတွင် အိုက်အေး (ခ) အိုက်မြောင် မောင်းနှင်ပြီး ကျော်ဦး (ခ) အိုက်မိုင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၄,၀၀၀ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား