မြစ်ကြီးနား ဖေဖော်ဝါရီ  ၂၁

 

မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား ကျောင်းသူများ၏ ဌာနေကချင်နှင့် ရှမ်းတိုင်းရင်းသား ရိုးရာဝတ်စုံများကို ရိုးရာမပျက် ဆန်းသစ်တီထွင်မှုများဖြင့် ဒီဇိုင်းဖော်ထားသည့် ဝတ်စုံများနှင့် ပါဝင်ယှဉ်ပြိုင်သည့် ဖက်ရှင်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက်နံနက်ပိုင်းက မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်သည်။

 

ပြိုင်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက တက္ကသိုလ်ပြိုင်ပွဲများ၊ အားကစား လှုပ်ရှားပြိုင်ပွဲများနှင့် ဟောပြောပွဲများ ပြုလုပ်ပေးရခြင်းကို ရှင်းလင်းပြောကြားကာ ဖက်ရှင်ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာအမ်ရွယ်နောင်းက ကျေးဇူးတင်စကား ပြောကြားပြီး အမှတ်ပေးဒိုင်များနှင့် မိတ်ဆက်ပေးသည်။

 

ယင်းနောက် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများက အဖွင့်အကဖြင့် စတင်ယှဉ်ပြိုင်ကြပြီး နာမည်ကျော် ကချင်တိုင်းရင်းသား အဆိုတော်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြကာ ပါမောက္ခချုပ်က ပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးကြသည့် ဒေသတွင်း ရိုးရာအဝတ်အထည် ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် ဒီဇိုင်နာများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

 

ထို့နောက် ဖက်ရှင်ပြိုင်ပွဲဝင် ကျောင်းသား ၂၈ ဦး၊ ကျောင်းသူ ၃၀ တို့က ကချင်နှင့် ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာဝတ်စုံများကို နာမည်ကြီးဒီဇိုင်းနာများ၏ ခေတ်မီဆန်းသစ်တီထွင်ထားသည့် ဒီဇိုင်းများအား ဝတ်ဆင်၍ ယှဉ်ပြိုင်ခဲ့ကြပြီး ညနေပိုင်းတွင် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

 

ပြည်နယ်(ပြန်/ဆက်)