မြစ်ကြီးနား မေ ၆
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧပြီ ၆ ရက် နံနက်ပိုင်းက မြစ်ကြီးနားတက္ကသိုလ် ခန်းမဆောင်၌ နည်းပြ/သရုပ်ပြ ဆရာ၊ဆရာမ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်အားပေးကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နည်းပြ/သရုပ်ပြ ဆရာ၊ ဆရာမောင်မယ်သစ်လွင် ၄၅ ဦးတို့အား အမှာစကားပြောကြားပြီး မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာ၊ ဆရာမောင်မယ်သစ်လွင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။
ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့၊ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်၌ မေ ၈ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်း၍ ပြည်နယ်အတွင်းရှိ NGO အဖွဲ့အစည်းများ၊ မြင့်မြတ်သူသွေးလှူရှင်အသင်း၊ မွတ်စလင်လူငယ်အသင်း၊ ပေးဆပ်သူလူမှုပရဟိတအသင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၏ စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်ကြပြီး ကျန်းမာရေးဝန်ထမ်းများနှင့် သွေးလှူရှင် စေတနာ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးကာ အဟာရဖြစ် စားသောက်ဖွယ်ရာများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သွေးလှူရှင်များအတွက် ထောက်ပံ့ငွေများကို ပေးအပ်ကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်သူ့ဆေးရုံကြီးအတွင်း ဆေးဝါးကုသမှုခံယူနေသော လူနာများအား လှည့်လည်ကြည့်ရှု အားပေးကာ လူနာများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ကြပြီး အရိုးကုသဆောင်၌ တရုတ်နိုင်ငံမှ ပြန်လည်စေလွတ်မည့် ပြည်တော်ပြန်များအား အသွားအလာကန့်သတ်၍ Quarantine ထားရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်မိုးလုံလေလုံအားကစားခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင်အသင်းများအတွက် ထောက်ပံ့ငွေကျပ် ၁၂ သိန်းနှင့် ဒိုင်လူကြီးများ အတွက် ထောက်ပံ့ငွေကျပ် နှစ်သိန်းတို့ကို ထောက်ပံ့ပေ့းအပ်ခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)