ရေနံချောင်း ၁၉ စက်တင်ဘာ
ရေနံချောင်းမြို့နယ် ဝက်လွတ်ကျေးရွာအုပ်စု လမ်းကူးကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားမှု၍ မြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးအန္တရာယ်ကျရောက်နိုင်သဖြင့် လူနေအိမ် ၇ လုံးကို ၎င်းတို့နေထိုင်သည့်ကျေးရွာ၏ တောင်ဘက် ပေ ၂၀ဝ၀ ခန့်အကွာ၌ ကြိုတင်ပြောင်းရွေ့ထားရကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
"မြစ်ကမ်းပါးပြိုတာက မြစ်ရေတက်လို့လည်းမဟုတ်ဘူး။ ကျလို့လည်း မဟုတ်ဘူး။ လှိုင်းပုတ်လို့ပြိုတာပါ။ ကမ်းပါးနားမှာရှိတဲ့ လူနေအိမ် ၇ လုံးကို ဘေးအန္တရာယ်မဖြစ်အောင်လို့ စက်တင်ဘာ ၁၈ ရက်နေ့က စတင် ကြိုတင် ပြောင်းရွှေ့ခဲ့တာပါ။ မြစ်ကမ်းပါးပြိုတဲ့နေရာနဲ့ နေအိမ်ပြောင်းရွှေ့မှုတွေကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၂) ဦးသိန်းလှ၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးခင်မောင်သိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်၊ မြို့နယ်မီးသတ်ဦးစီး မှူးဦးသန်းနိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ ကူညီဆောင်ရွက်နေပါ တယ်"ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။
မြစ်ကမ်းပါးပြိုမှုကြောင့် လမ်းကူးကျေးရွာမှ ဦးကြည်လင်း၊ ဦးစန်းအောင်၊ ဒေါ်ခင်ညို၊ ဦးအောင်ညွန့်၊ ဒေါ်ကုလားမ၊ ဦးနေဝင်း၊ ဦးညွန့်ဝင်းတို့၏ လေးပင်သွပ်မိုး လူနေအိမ် ၇ လုံးနှင့် အိမ်ထောင်စုခြောက်စုမှ လူဦးရေ ၃၅ ဦးကို ၎င်းတို့နေထိုင်သည့် ကျေးရွာ၏တောင်ဘက် ပေ ၂၀ဝ၀ ခန့်အကွာ ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ထားကြောင်း သိရသည်။
ကိုစိုးကြီး


