မြစ်ကူးတံတားကြီးတစ်စင်းသဖွယ် အားထားသွားလာနေရသည့် ပန်းဆိုးတန်း-ဒလ ကူးတို့ရေယာဉ်များ

ဖျာပုံ ၇ ဇန်နဝါရီ 

 

ပန်းဆိုးတန်း-ဒလ (ရန်ကုန်)ခရီးသည် ပြေးဆွဲပေးနေသည့် ချယ်ရီ ၁/၂/၃ ကူးတို့ ရေယာဉ်များသည် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ခရီးသွားပြည်သူများအား မြစ်ကူးတံတားကြီးသဖွယ် နေ့စဉ်နှင့်အမျှ အားထားသွားလာနေရသည်။

 

ကူးတို့ရေယာဉ်များဖြင့် ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ မအူပင်၊ ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ် စသည့် မြို့နယ်များမှ ခရီးသွားပြည်သူ သုံးသောင်းကျော် အားထားသွားလာနေသကဲ့သို့ ပို့ဆောင်ရေးဝန်ကြီး ဌာန ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာန မြစ်ဝကျွန်းပေါ် ဌာနခွဲအနေဖြင့်လည်း ဝင်ငွေအကောင်းဆုံးလုပ်ငန်း အဖြစ် သတ်မှတ်ထားရှိကြောင်း သိရသည်။

 

ဇန်နဝါရီ ၆ ရက်က ဒလမြို့နယ် ရေကြောင်းပို့ဆောင်ရေး မန်နေဂျာ ဦးမြင့်လွင်ကျော်က ပန်းဆိုးတန်း-ဒလ ကူးတို့ရေယာဉ် စီးနင်းသွားလာသည့် ခရီးသည်အရေအတွက်မှာ ပျမ်းမျှအားဖြင့် နေ့စဉ် သုံးသောင်းကျော် သွားလာလျက်ရှိကြောင်း၊ လဆန်းရက်နှင့် ရုံးပိတ်ဈေးပိတ်ရက်များ၊ ရန်ကုန်မြို့တွင် နေ့ကြီးရက်ကြီး အခမ်း အနားများနှင့် ပွဲလမ်းသဘင်များရှိပါက ခရီးသည်ပိုများတတ်ကြောင်း၊ ကူးတို့ရေယာဉ်များအဖြစ် ခရီးသည်များ သက်တောင့်သက်သာ သွားလာနိုင်ရေးအတွက် ဂျပနိုင်ငံက လက်ဆောင်ပေးထားသည့် ချယ်ရီ ၁/၂/၃ အဆင့်မြင့်ရေယာဉ်များဖြင့်လည်း ပြေးဆွဲလျက်ရှိကြောင်း ပြောသည်။

 

ကူးတို့ရေယာဉ်များ၏ ဝင်ငွေရရှိမှုနှင့် ပတ်သက်၍ မြစ်ဝကျွန်းပေါ်ဌာနခွဲမှ တာဝန်ခံအရာရှိတစ်ဦးက ဌာနခွဲတွင် လက်ရှိ ဝင်ငွေအကောင်းဆုံးလုပ်ငန်းမှာ ပန်းဆိုးတန်း-ဒလ ကူးတို့လုပ်ငန်းဖြစ်ကြောင်း၊ ဌာနအနေဖြင့် အဓိက အားထားနေရကြောင်း၊ ဝင်ငွေရရှိမှုနှင့် ပတ်သက်၍ တစ်ရက်လျှင် ပျမ်းမျှငွေ ကျပ် ၃၂ သိန်းရှိပြီး တစ်လလျှင် ဒီဇင်ဘာလချုပ်အရ ငွေကျပ် ၁၀ဝ၄ ဒသမ ၇၅ သိန်း ရရှိကြောင်း ပြောသည်။

 

ချယ်ရီ ကူးတို့ရေယာဉ် ၁/၂/၃ ရေယာဉ်များသည် မိုးတွင်းကာလတွင်လည်း လေဒဏ်မိုးဒဏ်ကာကွယ်ပေးနိုင်မှု၊ ကျယ်ပြန့်မှုနှင့် သက်တောင့်သက်သာရှိခြင်းတို့ကြောင့် ရေရှည်ကြံ့ခိုင်မှု ရှိနေစေရေးတို့အတွက် ဌာနနှင့် ခရီးသွားပြည်သူများ ကိုယ်စီအသိစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းထိန်းသိမ်းသွားရန် လိုအပ်လှပေသည်။

 

အောင်ဝင်း(ဖျာပုံ)