တနင်္သာရီ ၈ စက်တင်ဘာ
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ဒုတိယအကြိမ် မြစ်ရေကြီးမှုကြောင့် ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၄ ရက်အတွင်း ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်း (၁၉)ကျောင်းအနက် (၉)ကျောင်းကို ယနေ့ နံနက် ၆ နာရီအချိန် မြစ်ရေတိုင်းထွာချက်အရ (၁၉ ပေနှင့် ၁၀လက်မ)သို့ ပြန်လည်ကျဆင်းနေပြီဖြစ်သဖြင့် ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
ဆိုပါကျောင်းများ၏ ကျောင်းဝင်းအတွင်း မြစ်ရေမရှိတော့ဘဲ လမ်းပန်းဆက်သွယ်မှု ပြန်လည်ကောင်းမွန်လာပြီဖြစ်သောကြောင့် ယခုလို ပြန်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးခိုင်ထွန်းထံမှ သိရှိရသည်။
ပြန်လည်ဖွင့်လှစ်ခဲ့သည့် ကျောင်းများမှာ အ.လ.က(ခွဲ) မော်တုန်းအနောက်ရွာ၊ အ.လ.က(ခွဲ) ညောင်ပင်ကွင်းအနောက်ရွာ၊ အ.မ.က-တပ်ဦးရွာ၊ အ.မ.က-မြေမအုံရွာ၊ အ.မ.က-ထုံနွယ်ရွာ၊ အ.မ.က-တလိုင်းတပ်ရွာ၊ အ.မ.က-သက္ကယ်ကျော်ရွာ၊ အ.မ.က-ပဝထိန်ရွာနှင့် အ.မ.က-ကျောက်မီးကျောင်းရွာတို့ဖြစ်ပြီး အလယ်တန်းအဆင့်မှ ကျောင်းသူ/ကျောင်းသား (၃၁၇)ဦးနှင့် မူလတန်းအဆင့်မှ (၈၅၆)ဦး စုစုပေါင်းကျောင်းသူ/ကျောင်းသား (၁၁၇၃)ဦးတို့ ပညာသင်ကြားနေပြီဖြစ်ကြောင်း၊ ဖွင့်လှစ်ရန်ကျန်ရှိသေးသော အခြေခံပညာကျောင်း (၁၀)ကျောင်းကိုလည်း မြစ်ရေအခြေအနေအရ ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရှိရသည်။
သတင်းနှင့်ဓာတ်ပုံ- နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)


