မဒေါက် ၆ သြဂုတ်
စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် စစ်တောင်းတာအနိမ့်ပိုင်း နေရာများနှင့် ရေကျော်တတ်သော မဒေါက်ဈေးရှေ့ ရွှေကျင်-မဒေါက် ကားလမ်းနေရာ ရေကျော်ဝင်ရောက်မှုမှ ကာကွယ်နိုင်ရန်အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တပ်မတော်သားများ ဒေသခံပြည်သူများပူးပေါင်းပြီး ယနေ့ နံနက်ပိုင်းက သဲအိတ်ဆင့်၍ ကြိုတင်ကာကွယ်ခြင်း၊ လိုအပ်လာလျှင် အသုံးပြုနိုင်ရန် သဲအိတ်များဖြည့် စုပုံထားခြင်းများအား ဆောင်ရွက်လျက်ရှိသည်။
“တာရဲ့စိုးရိမ်ရေအမှတ် ကျော်လာတဲ့အတွက် အရေးပေါ် အဆင့် (၁)သတ်မှတ်ပြီး တာတစ်လျှောက်မှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေမှာ အလံစိမ်းတွေထောင်ထားပြီး အသိပေးထားပါတယ်။ ရေကင်းတွေ လှည့်စစ်ဆေးဖို့လှုံ့ဆော်ထားတယ်။ ရေကျော်နိုင်တဲ့ နေရာတွေမှာ သဲအိပ်ဆင့်တာတွေ သဲအိပ်ကြိုစုထားတာတွေကို ဆောင်ရွက်နေပါတယ်။ လက်ရှိအခြေအနေအရ စိတ်ချရပါတယ်။ မနှစ်က တာရဲ့အားနည်းတဲ့အပိုင်းတွေကို ကျွန်တော်တို့ ပြုပြင်ထားပါတယ်။ နိမ့်နေတဲ့ အပိုင်းတွေကိုလည်း မြေထပ်တင်ထားတယ်။ မနှစ်က ကျိုးသွားတဲ့အပိုင်းလည်း အခိုင်အမာ မြေဖို့ပြီးဖြစ်ပါတယ်” ဟု ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်အောင်က ပြောသည်။
အဆိုပါ စစ်တောင်းတာမှာ အရှည် ၄၉ မိုင် ၂ ဖာလုံ၊ အကျယ် ၁၄ ပေ၊ အမြင့် ၁၀ ပေရှိပြီး အမြင့်ဆုံးမြစ်ရေကို ကာကွယ်နိုင်သည့် တာရေမှတ် ၄၄.၅ ပေ၊ စိုးရိမ်ရေမှတ် ၃၉ ပေ၊ နံနက် ၁၁ နာရီတွင် မြစ်ရေမှတ် ၄၀.၇ ပေ ရောက်ရှိနေ၍ နှစ်ပေနီးပါးမြင့်တက်နေကြောင်း သိရသည်။
နေလင်း(ညောင်လေးပင်)


