ရန်ကုန်  ၁၃ ဇွန်

ရန်ကုန်တိုင်းဒေသကြီး စပါးစိုက်ပျိုးရေးကဏ္ဍတွင် လိုအပ်သောရေကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဌာန(ရေအရင်းအမြစ်)မှ တောင်သူများအတွက် နှစ်စဉ်ပံ့ပိုးပေးလျက်ရှိရာ  နွေစပါးအပြင် မိုးနှောင်းကာလတွင်လည်း အောင်ရေအဖြစ် မြစ်ရေတင်စနစ်ဖြင့် တောင်သူတို့အား ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

“မိုးစပါးနဲ့ပတ်သက်ရင် မိုးဦးမှာ ရေကိုအဆင်သင့်ပြင်ထားတယ်။ မိုးနှောင်းစောရင် အောင်ရေ အဖြစ် ပို့လွှတ်ပေးဖို့ပါ။ တောင်သူတွေအတွက် ဆည်မြောင်းကပေးတဲ့ အပိုင်းနဲ့ မြစ်ရေတင်က ပေးတဲ့အပိုင်းဆိုပြီး ရှိမယ်။ ရန်ကုန်တိုင်းမှာ နွေစပါးကို အဓိကထားတော့ မြစ်ရေတင် ပို့လွှတ်နိုင်တဲ့နေရာတွေကို ရေပို့လွှတ်နိုင်တာကြောင့် စပါးစိုက်သူတွေ နွေးစပါးမှာ အဆင်ပြေခဲ့ တာကို တွေ့ရမှာပါ။ မိုးနှောင်းကာလမှာလည်း မြစ်ရေလိုအပ်ရင် အောင်ရေအဖြစ် ပို့လွှတ်ပါတယ်” ဟု ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဌာန (ရေအရင်းအမြစ်) မှလက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ထွန်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မြစ်ရေတင်စခန်း(၂၃) ခုရှိပြီး တိုက်ကြီး၊ မှော်ဘီ၊ ထန်းတပင်၊ လှည်းကူး၊ ခရမ်း၊ မင်္ဂလာဒုံ စသည့် ခြောက်မြို့နယ်ရှိ ဆည်ရေ အလှမ်းဝေးသော လယ်မြေများကို မြစ်ရေတင်၍ ပို့လွှတ်လျက်ရှိကာ လှည်းကူးမြို့နယ် ငမိုးရိပ်မြစ်ရေတင်စခန်းမှ လယ်ဧက (၃၀၅၀) အား နွေရာဦတွင် အများဆုံးအကျိုးပြုလျက်ရှိပြီး အနည်းဆုံး မြစ်ရေတင်ဖြစ်သော မင်္ဂလာဒုံမြို့နယ် စမ်းကြီးရွာမှ လယ်မြေဧက (၁၀ဝ) ကိုလည်း ပို့လွှတ်လျက်ရှိသည်။

 

mdn

 

ရန်ကုန်တိုင်းဒေသကြီးတွင် စပါးစိုက်ပျိုးထုတ်လုပ်ပါက လိုအပ်သောရေကို အပြည့်အဝထောက်ပံ့ ပို့လွှတ်နိုင်ရန် ထားရှိသော်လည်း  တိုးချဲ့လာသော မြို့ဧရိယာနှင့် စက်မှုဇုန်ဧရိယာတို့ကြောင့် လယ်မြေရှားပါးလာပြီး မူလလယ်မြေများကိုလည်း အိမ်ရာအကွက်များရိုက်၍ ရောင်းချနေထိုင် လာမှုကြောင့် တိုးချဲ့၍ စပါးစိုက်ပျိုးထုတ်လုပ်ရန် မြေရှားပါးလာလျက်ရှိရာ မူလရှိပြီး မြစ်ရေမရသော လယ်မြေများကို မြစ်ရေရရှိရန် တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။

တိုက်ကြီးမြို့နယ် သပြေတန်းရွာနှင့် အိုင်ကနောင်ရွာတစ်လျှောက်တွင် ရေသွယ်မြောင်းများ ဖောက်ကာ မြစ်ရေပို့လွှတ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး မှော်ဘီမြို့နယ် မြစ်ကျိုးရွာ တောင်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်တို့ တင်ပြတောင်းဆိုချက်အရ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဌာန(ရေအရင်းအမြစ်)မှ တိုင်းတာမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၏ နွေစပါးစိုက်ဧက (၁၅၃၄၈) ကို မြစ်ရေပို့လွှတ်နိုင်ခဲ့၍ တောင်သူများ ဝင်ငွေကောင်းခဲ့ပြီး လာမည့်နွေးစပါးအတွက် တောင်သူများ တိုးမြှင့်စိုက်ပျိုးနိုင်ရန် ဧက(၁၅၀ဝ) ခန့်ကို မြစ်ရေပို့လွှတ်နိုင်ရန် စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုက်ကြီးနှင့် ထန်းတပင်မြို့နယ် တို့မှ သပြေတန်းနှင့် မင်းလှဝရွာ တောင်သူတို့မှ မြေအောက်ရေစိုက်ပျိုးနိုင်ရန် တင်ပြတောင်းခံထားမှုအားရရှိသောဘတ်ဂျက်အပေါ် ဆောင်ရွက်ရန်လျာထားကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း စပါးပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရန်  မြစ်ရေတင်ဖြင့် စခန်း (၂၃) ခုမှ ပို့လွှတ်လျက်ရှိပြီး မိုးစပါးအတွက် မိုးနှောင်းကာလ၌ အောင်ရေအဖြစ်မြစ်ရေတင် ပို့လွှတ်ပေးလျက်ရှိကြောင်း သိရသည်။

သန်းထိုက်

 

mdn