မြစ်သား ၉ ဖေဖော်ဝါရီ 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ကူမဲမြို့၊ ပွဲလုံးကျော်ကျေးရွာအုပ်စု၊ ပွဲလုံးကျော်ကျေးရွာနှင့် အိမ်ရှေ့တောင်အုပ်စု၊ အိမ်ရှေ့တောင်ကျေးရွာ မီးလင်းရေးဖွင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲတွင် ပွဲလုံးကျော်ကျေးရွာ၌ လည်းကောင်း၊ ညနေ ၆ နာရီတွင် အိမ်ရှေ့တောင်ကျေးရွာ ရွာဦးဘုန်းကြီးကျောင်းတွင် လည်းကောင်း ကျင်းပခဲ့သည်။ 

ပွဲလုံးကျော်ကျေးရွာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ၁၁ ကေဗွီအေ ဓာတ်အားလိုင်းနှင့် ၁၁/၀.၄ ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ (၁)လုံးကို လည်းကောင်း၊ အိမ်ရှေ့တောင်ကျေးရွာတွင် အမျိုးသားလျှပ်စစ်ဓါတ်အား ရရှိရေးစီမံကိန်း (NEP) ပထမအဆင့် အစီအစဉ်ဖြင့် ၁၁ ကေဗွီအေ ဓာတ်အားလိုင်းနှင့် ၁၁/၀.၄ ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ (၁)လုံးကိုလည်းကောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အုန်းကြည်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းမြမြသင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိအိသွယ်၊ ကူမဲမြို့ ကူမဲမြို့လျှပ်စစ် မန်နေဂျာ ဦးအောင်မိုး၊ ကျေးရွာမီးလင်းရေးကော်မတီ ဉက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မီးစတင်လွှတ်ပေးခဲ့သည်။

အဆိုပါ မီးလင်းရေးအောင်ပွဲဖွင့်ပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူးတို့က တက်ရောက် အမှာစကားပြောကြားပြီး ကူမဲမြို့ လျှပ်စစ်မန်နေဂျာ ဦးအောင်မိုးက လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကာ လျှပ်စစ်မီးနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။   

ဆုမွန်(မြစ်သားပြန်/ဆက်)