ကလေး ၁၁ စက်တင်ဘာ
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးဆောင်ကာ ငါးနှင့်ပတ်သက်သော သဘာဝသယံဇာတများ တိုးတက်လာရေးနှင့် ငါးထုတ်လုပ်မှု တိုးတက်စေရန် ရည်ရွယ်ချက်များဖြင့် ငါးမျိုးစိတ်များစိုက်ထည့်ပွဲကို ယနေ့နံနက်ပိုင်းက ကလေးမြို့ အောင်မေတ္တာရပ်ကွက် မြစ်သာမြစ်ကမ်းဘေးတွင် ကျင်းပပြုလုပ်သည်။
မြစ်သာမြစ်အတွင်း ငါးမျိုးစိုက်ထည့်ရာတွင် ငါးမြစ်ချင်းကောင်ရေ တစ်သိန်းကို ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ချို၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကလေးမြို့ အောင်မေတ္တာရပ်ကွက် အမှတ်(၃) မူလတန်းလွန်ကျောင်းမှ ကျောင်းသားကျောင်းသူများနှင့်ဆရာ/ဆရာမများက ငါးမျိုးစိုက်ထည့်ပေးခဲ့ကြ သည်။
ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားတွင်တွင် အောင်မေတ္တာရပ်ကွက် အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသားကျောင်းသူများ အားခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးမြင့်သိန်းက ငါးမှရရှိသော အဖိုးတန်အာဟာရဓါတ်များအကြောင်း၊ ငါးစားသုံးခြင်းအားဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများအား ရှင်လင်းပြောကြားသည်။
မြစ်သာမြစ်အတွင်း ငါးမျိုးစိတ်ပေါင်း(၂၀)ကျော်ရှိကြောင်း၊ ငါးသယံဇာတတိုးပွားရေးအတွက် ဆည်မြောင်းများ၊ မြစ်ချောင်းများ၊ စပါးခင်းများ၌ ငါးမျိုးစိုက်ထည့်ခြင်းများကို နှစ်စဉ်နှစ်တိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ငါးသယံဇာတတိုးပွားရေးနှင့်ပတ်သက်လာလျှင် လူတိုင်းကိုယ်စီမှာတာဝန်ရှိပါကြောင်း၊ ငါးသယံဇာတတိုးပွားရေးနှင့် တရားမဝင်ဆောင်ရွက်နေမှုများကို ဟန့်တားနိုင်ရေးအတွက်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဦးစီးဌာနမှ ရပ်ရွာအခြေပြုငါးလုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းပေးသွားမှာဖြစ်ကြောင်း၊ ယင်းအစုအဖွဲ့များမှ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်သွားကြမှာဖြစ်ကြောင်း၊ ကလေးခရိုင်အနေဖြင့် တရားဝင်မဖွဲ့စည်းရသေးသော်လည်း သဘာဝပတ်ဝန်းကျင် သယံဇာတထိန်းသိမ်းရေးအဖွဲ့အနေဖြင့် ဖွဲစည်းပေးထားပြီးဖြစ်ကြောင်း၊ မြန်မာ့ ရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(MYSAP) မှ လာမည့် စက်တင်ဘာ ၁၈ ရက်နေ့တွင် ကလေးမြို့တော်ခန်းမတွင်လည်းကောင်း၊ စက်တင်ဘာ(၂၀)ရက်နေ့တွင် အမှတ်(၇) အခြေခံပညာအထက်တန်း ကျောင်းတွင်လည်းကောင်းအာဟာရနှင့် စားနပ်ရိက္ခာဖူလုံရေး အသိပညာပေးလှုပ်ရှားမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးစိုးမြင့်သိန်း၏ ပြောကြားချက်အရသိရသည်။
သန်းထိုက်အောင်(ပြန်/ဆက်)


