ကလေး ၁၀ စက်တင်ဘာ
လူမှုဝန်ထမ်းဝ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကလေးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကလေးမြို့ အောင်မေတ္တာရပ်ကွက်၌ စက်တင်ဘာ ၇ ရက်က မြစ်သာမြစ်ကမ်းပါး ပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရသော အိမ်ခြေနှစ်လုံး၊ အိမ်ထောင်စုနှစ်စုမှ လူဦးရေ(၁၁)ဦးနှင့် ကုက္ကိုလ်ကျေးရွာ၌ စက်တင်ဘာ ၉ ရက်က မြစ်သာမြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ရွှေ့ပြောင်းခဲ့ရသော အိမ်ခြေနှစ်လုံး၊ အိမ်ထောင်စုနှစ်စုရှိ လူဦးရေ(၉)ဦးတို့အတွက် ထောက်ပံ့သော အိမ်ဆောက် ပစ္စည်းဖိုးငွေများကို ယနေ့ညနေပိုင်းက ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ရုံးခန်းမ၌ ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် တစ်အိမ်ထောင်လျှင် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် တစ်သိန်းနှုန်းဖြင့် အိမ်ခြေလေးလုံးတို့အတွက် စုစုပေါင်းငွေ ကျပ်လေးသိန်း၊ လူဦးရေ(၂၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ကျပ် ၄၂၀ဝ၀ တို့အား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇေယျာစိုးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးကျော်သူတို့က ရွှေ့ပြောင်းပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သန်းထိုက်အောင်(ပြန်/ဆက်)


