မြစ်သား၊ ၅ ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး  မြစ်သားမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် မြစ်သားမြို့နယ်အတွင်းရှိ မိဘပြည်သူများသိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးအောင်ရဲကျော် ဦးဆောင်၍ တပ်ဖွဲ့ဝင်များသည် မြစ်သားမြို့နယ်အတွင်းရှိ မိဘပြည်သူများသိရှိစေရန် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးတို့အတွက် မန္တလေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များအရ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သဖြင့် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်သည့် အကောင်းဆုံးသော နည်းလမ်းမှာ မိမိအိမ်တွင်နေထိုင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦးထိတွေ့မှု မရှိခြင်း၊ မဖြစ်မနေအပြင်သို့ သွားရောက်သည့်အခါတိုင်း နှာခေါင်းစည်း Mask များ တပ်ဆင်၍ သွားရောက်ရန် လိုအပ်ခြင်း၊ မြို့နယ်အတွင်း လူစုလူဝေး ဖြစ်ပေါ်စေနိုင်သည့် နေရာများသို့ သွားရောက်ခြင်း မပြုကြရန်၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ အပါအဝင် အစားအသောက်ရောင်းချသည့် ဆိုင်များအားလုံး ဆိုင်ထိုင်၍ စားသောက်ခြင်းကို ခွင့်မပြုတော့ဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွားရန်နှင့် ရောင်းချရာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်သွားရန်နှင့်  လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း စသည်တို့ကို မော်တော်ယာဉ်ဖြင့် လှည့်လှယ်ကာ အသိပေးနှိုးဆော်ခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။                                                

မြမြမွန်(ပြန်/ဆက်)