မြစ်သား ၂ အောက်တိုဘာ

 

အောက်တိုဘာ ၂ ရက် နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ မျက်စိဝေဒနာ ခံစားနေသူ မိဘပြည်သူများကို ကသဲကုန်းကျေးရွာ၊ ဘုန်းကြီးကျောင်းဝန်း၌ ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် မျက်စိကျန်းမာရေး ကွင်းဆင်းစစ်ဆေးပြီး အခမဲ့ကုသပေးခဲ့ကြောင်း သိရသည်။

 

ယင်းသို့ ကုသပေးရာမှာ မြစ်သားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက အဖွင့်အမှာစကား ပြောကြားပြီး စဉ့်ကိုင်မြို့နယ်၊ မျက်ခမ်းစပ်နှင့် မျက်မမြင် ကွာကွယ်ရေးဦးစီးဌာန၊ မျက်စိရောဂါ အထူးကုဆေးရုံမှ ဒေါက်တာရီလင်းက မျက်စိနှင့်ပတ်သတ်သော ရောဂါများဖြစ်သည့် အတွင်းတိမ်မျက်စိရောဂါ၊ ရေတိမ်မျက်စိရောဂါ၊ ထိခိုက်ဒဏ်ရာကြောင့်ဖြစ်သော မျက်စိရောဂါ၊ မျက်ခမ်းစပ်ရောဂါအကြောင်းနှင့် အာဟာရဓာတ်ချို့တဲ့၍ ဖြစ်သော မျက်စိရောဂါများအကြောင်းကို ဆွေးနွေးဟောပြောခဲ့သည်။

 

ထို့နောက် အမှတ် (၁) မဲဆန္ဒနယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က မြစ်သားမြို့နယ်မှာ မျက်စိကျန်းမာရေး ကွင်းဆင်းစစ်ဆေးကုသပေးတဲ့အတွက် စဉ့်ကိုင်မြို့နယ် မျက်စိရောဂါ အထူးကုဆေးရုံမှ ဒေါက်တာနှင့် ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မျက်စိရောဂါလာပြသူများကို အာဟာရဒါနအဖြစ် အချိုရည်ဘူးများနှင့် မုန့်များပေးဝေခဲ့ကြသည်။

 

ဆက်လက်၍ စဉ့်ကိုင်မြို့နယ် မျက်စိရောဂါအထူးကုဆေးရုံမှ ဒေါက်တာရီလင်းနှင့်အဖွဲ့ မြစ်သားမြို့နယ် ဒါးရဲကောင်းအုပ်စု ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဒေါ်မွန်မွန်ညိုနှင့် အဖွဲ့တို့က အသေးစားကုသပေးခြင်းအနေဖြင့် သွေးပေါင်တိုင်းခြင်း၊ မျက်စိစမ်းသပ်ပေးခြင်း၊ မျက်စဉ်းခတ်ပေးခြင်း၊ မျက်စဉ်းဘူးနှင့် ဆေးဝါးများပေးခြင်း၊ ခွဲစိတ်ကုသရမည့် မျက်စိရောဂါလူနာများကို ရက်ချိန်းပေး၍ စဉ့်ကိုင်မြို့နယ် မျက်စိအထူးကုဆေးရုံတွင် ခွဲစိတ်ကုသနိုင်ရေးတို့အတွက် ဆောင်ရွက်ပေးခဲ့သည်။

 

မျက်စိကျန်းမာရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် အခမဲ့ ကုသပေးခြင်းသို့ မျက်စိရောဂါဝေဒနာလာပြသည့် ဒေသခံပြည်သူ (၂၂၀)ဦးနှင့်တကွ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အမှတ်(၁)မဲဆန္ဒနယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကသဲကုန်းအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ/ကျေးရွာသားများ၊ NGO အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)