မြစ်သား ၁၃ ဇွန်
ဇွန် ၁၂ နံနက်ပိုင်း ၆နာရီက မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်အတွင်း မန္တလေး-ရန်ကုန် ကားလမ်းဟောင်း၏ မိုင်တိုင်အမှတ် ၃၈၂/၅ မှ မိုင်တိုင်အမှတ် ၃၈၂/ဝ အထိ လမ်းပိုင်းတစ်လျှောက် ဘေးဝဲ၊ ယာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ အမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းအမှိုက်ကောက်ရာသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အုန်းကြည်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းမြမြသင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကူမဲမြို့အုပ်ချုပ်ရေးမှူး ဦးသီဟဇော်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများ၊ ကုက္ကိုလ်စုကျေးရွာမှဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စုစုပေါင်းအင်အား ၃၅၀ ကျော် တက်ရောက်၍ စုပေါင်းဆောင်ရွက်ကြသည်။
ထိုသို့ စုပေါင်းဆောင်ရွက်ကြသူများအား မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကောက်ညှင်းပေါင်းနှင့် ငါးကြော်များကိုလည်းကောင်း မြို့နယ်စည်ပင်သာရေးအဖွဲ့မှ သောက်ရေသန့်များကိုလည်းကောင်း အဟာရဒါန ကုသိုလ်ပြုခဲ့ကြကြောင်း မြို့နယ် (ပြန်/ဆက်)မှ သိရသည်။
MDN