မြစ်သား ဒီဇင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ပန်းခင်းစီမံချက်အကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် LED Board မော်တော်ယာဉ်ဖြင့် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းက မြို့ပေါ် လူစည်ကားရာ နေရာများ၌ ဆောင်ရွက်ခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြစ်သားမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ပြည်သူများ ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ရရှိရေးကို ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများအနေဖြင့် ပန်းခင်းစီမံချက်အကြောင်း ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရန် လူစည်ကားရာနေရာများဖြစ်သည့် ရွှေမုဋ္ဌောဘုရားရှေ့၊ မြို့မစျေးရှေ့နှင့် စျေးအတွင်း ၊ အခွန်လွတ်စျေးရှေ့၊ မြစ်သား မြို့အဝင်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးရှေ့နေရာများတွင် LED Board မော်တော်ယာဉ်ဖြင့် ပန်းခင်းစီမံချက်အကြောင်း၊ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများကို ပညာပေးပြသခဲ့သည်။
ထို့ပြင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးမည့် လုပ်ငန်း(၄)ရပ်၊ နိုင်ငံသားကတ် လျှောက်ထားရာတွင် ပါရှိရမည့် စာရွက်စာတမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ ဆောင်ရွက် ပေးရမည့်လုပ်ငန်းများ၊ နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်သူများ လိုက်နာရမည့် အချက်များ၊ အိမ်ထောင်စု လူဦးရေစာရင်းအတွက် လိုက်နာရမည့်အချက်များ ပါဝင်သည့် လက်ကမ်းစာစောင်ရေ ၁၂၀၀ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာသို့ မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး မောင်မောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေနှင့် ဝန်ထမ်းများ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
သီတာအောင်(မြစ်သား)


