မြစ်သား စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ထင်းအစားအခြားလောင်စာတိုးမြှင့်သုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ရည်ရွယ်၍ စွမ်းအားမြှင့် "အေဝမ်း" မီးဖိုများ အခမဲ့ ဖြန့်ဝေပေးခြင်းကို စက်တင်ဘာ ၂ ရက်က မုန္တောလေးကျေးရွာအုပ်စု၊ မုန္တောလေးကျေးရွာ၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြစ်သားမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ကျော်စိုးက အဆိုပါကျေးရွာပြည်သူများအား ထင်းအစားအခြားလောင်စာ တိုးမြှင့်သုံးစွဲရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ စွမ်းအားမြှင့် "အေဝမ်း" မီးဖို ဖြန့်ဝေပေးရခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကျေးလက်ဒေသများတွင် လောင်စာထင်းသုံးစွဲမှု လျှော့ချလာနိုင်ရေး သစ်တောပြုန်းတီးမှု ကာကွယ်ပေးခြင်းနှင့် ရာသီဥတုဖောက်ပြန်မှုများကို ဟန့်တားပေးနိုင်ခြင်း၊ ထင်းကုန်ကျမှု ၄၀ ရာခိုင်နှုန်း သက်သာ သည့်အတွက် သစ်တောပြုန်းတီးမှုက လျှော့ချပြီးသားဖြစ်ခြင်း၊ ချက်ပြုတ်ချိန်မြန်ဆန်ခြင်းနှင့် မီးခိုးအထွက်နည်းခြင်း၊ လောင်စာမျိုးစုံအသုံးပြုနိုင်ခြင်း၊ မီးဘေးအန္တရာယ် ကင်းဝေးစေခြင်း စသည့်မီးဖိုသုံးစွဲနည်း နှင့် သတိပြုရမည့် အချက်များအား အသိပညာပေး ရှင်းလင်းပြောကြားပြီးနောက် ဦးစီးအရာရှိနှင့် ဝန်ထမ်းများက မုန္တောလေး ကျေးရွာအိမ်ထောင်စု ၄၀ အတွက် စွမ်းအားမြှင့် "အေဝမ်း" မီးဖိုအလုံး (၄၀)နှင့် မီးဖိုသုံးစွဲနည်း လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ရာ ကျေးရွာပြည်သူများက လက်ခံရယူခဲ့ကြသည်။
မြစ်သားမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၈)ရွာအတွက် တစ်ရွာလျှင် စွမ်းအားမြှင့် "အေဝမ်း" မီးဖိုအလုံး(၄၀) စီဖြင့် စုစုပေါင်းအလုံး(၇၂၀)နှင့် မီးဖိုသုံးစွဲနည်း လက်ကမ်းစာစောင်များအား သြဂုတ် ၂၉ ရက်မှစတင်ကာ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း ဦးစီးအရာရှိ ဦးအောင်ကျော်စိုးထံမှ သိရှိရသည်။
မြမြမွန်(ပြန်/ဆက်)


