မြစ်သား စက်တင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး၊   မြစ်သားမြို့နယ်   ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယခုနှစ် ဖေဖော်ဝါရီလမှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အရ မြစ်သားမြို့နယ် အတွင်းမှ ကျေးရွာ ၁၅ ရွာ၌ ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၀၀ စီနှင့် ဒေသခံပြည်သူများ၏ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်က ပြောပြသည်။

ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့်  ကျေးရွာအဝင်နှင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း(၁၂)ခု၊ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းတစ်ခု၊ လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းနှစ်ခု၊ စုစုပေါင်းကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း(၁၅)ခုကို စီမံကိန်းပံ့ပိုးရန်ပုံငွေကျပ်သန်း ၁၅၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၄၃ဒသမ ၇၈ သန်း  စုစုပေါင်းငွေကျပ် ၁၉၃ ဒသမ ၇၈ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး  ဦးကိုကိုအောင်က ဆက်လက်ပြောပြသည်။ 

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာ ၁၅ ရွာရှိ ကျေးရွာနေ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

မြမြမွန်(မြစ်သား)