မြစ်သား ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲသီးနှံ ဧက ၂၂၈၀၀ လျာထားစိုက်ပျိုးခဲ့ပြီး ယခုအခါ ဆောင်းသီးနှံကုလားပဲများ စတင်ရိတ်သိမ်းလျက်ရှိသည်။
စတင်ရိတ်သိမ်း
မြစ်သားမြို့နယ်ရှိ ကုလားပဲစိုက်ခင်းများ အပင်ဖြစ်ထွန်းမှုအားကောင်းပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိကြောင်း၊ အောက်တိုဘာလက စိုက်ပျိုးထားသည့် ကုလားပဲခင်းများ စတင်ရိတ်သိမ်းနေပြီး အထွက်နှုန်း တစ်ဧက ၂၂ တင်းထိ ထွက်ရှိကြောင်း၊ ကုလားပဲစိုက်ပျိုးရာတွင် ယူရီးယားဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေးနည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီပံ့ပိုးပေးကြောင်း ကုလားပဲစိုက်ပျိုးသည့်တောင်သူတစ်ဦးထံမှ သိရသည်။
မြစ်သားမြို့နယ်၌ ကုလားပဲ ရေဆင်း ၃၊ ၆၊ ၈၊ ၁၁၊ ၁၂ မျိုးများကို စိုက်ပျိုးကြသည်။ ယခင်မျိုးစေ့ထုတ် တောင်သူများထံမှမျိုးများကို တောင်သူဖလှယ်စနစ်ဖြင့် စိုက်ပျိုးကြပြီး ကုလားပဲအား အတန်းလိုက်စနစ်နှင့် ကြဲပက်စနစ်နှစ်မျိုး စိုက်ပျိုးကြသည်။ အတန်းလိုက် စိုက်ပျိုးခြင်းဖြင့် အပင်ပြုစုထိန်းသိမ်းရန်လွယ်ကူခြင်း၊ မျိုးစေ့နှုန်းထားသက်သာခြင်း၊ လေဝင်လေထွက်ကောင်းမွန်၍ ပိုးမွှားရောဂါများ ကာကွယ်နှိမ်နင်းရန် လွယ်ကူခြင်း၊ အပင်ဦးရေပြည့်မီခြင်း၊ အထွက်နှုန်းကောင်းခြင်းစသည့် အားသာချက်များရှိသဖြင့် အတန်းလိုက်စနစ်ကို ပိုမိုစိုက်ပျိုးလာကြကြောင်း သိရသည်။ ယခုနှစ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပညာပေးထားသည့်တောင်သူများ ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ပြီး ကုန်ကျစရိတ်သက်သာသော သဘာဝပိုးမွှားရောဂါ ကာကွယ်ဆေးများသုံးစွဲမှု ပိုမိုများပြားလာကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


