မြစ်သား မတ် ၁၅
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ပေတောကျေးရွာမှ တောင်သူ ဒေါ်တင်၏ လယ်မြေငါးဧက၌ နွေစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ထိုင်းနှံကောက်စပါးမျိုးကို စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာ ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကောက်စိုက်စက်ဖြင့် ကွင်းသရုပ်ပြစိုက်ပျိုးသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အမှာစကား ပြောကြားသည်။ ထို့နောက် ကျောက်ဆည်ခရိုင် စက်မှုလယ်ယာဦးစီးဌာန အင်းကုန်းစက်ရုံမှူး ဦးမျိုးလွင်ဦးက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမည့် စက်ကိရိယာများအကြောင်းကို ရှင်းလင်း ဆွေးနွေးသည်။ ယင်းနောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဒေါ်ခင်ငြိမ်းထွေးက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ဒေသခံ တောင်သူများအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့မှ တာဝန်ခံအရာရှိများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


