မြစ်သား မတ် ၂၂

 

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ် နွေသီးနှံစိုက်ပျိုးသည့် တောင်သူများအား ဓာတ်မြေသြဇာ စုပေါင်းရောင်းချခြင်းနှင့် ရွက်ဖျန်းအားဆေး၊ မျိုးစေ့များ အခမဲ့ထောက်ပံ့ပေးခြင်း၊ သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိစေရန်ရည်ရွယ်၍ ပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကန်ကွေ့ကျေးရွာ အခြခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။

 

ရှင်းလင်းပြောကြား

ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးစိုးမင်းနိုင်နှင့် ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီဌေးက နွေသီးနှံပန်းတိုင်အထွက်နှုန်း ရရှိရေးအကြောင်း ရှင်းလင်း ပြောကြားသည်။ ယင်းနောက် မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်စန္ဒီဝင်းက တောင်သူများအား ခေတ်မီစိုက်ပျိုးနည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လေ့လာကျင့်သုံးစိုက်ပျိုးရန် လိုအပ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်း ရရှိစေရေး စိုက်ပျိုးမြေများကို ပြုပြင်ပြီး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးပေးရန် လိုအပ်ကြောင်း၊ ရေရရှိရေးနှင့် နည်းပညာများကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းလွင်ဦးက ရေအသုံးချမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြေ၊ မျိုး၊ ပိုး တာဝန်ခံများကလည်း လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက ဒေသခံတောင်သူများအား နေကြာမျိုးစေ့၊ ဝါမျိုးစေ့များနှင့် ရွက်ဖျန်းအားဆေးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)