မန္တလေး မေ ၂၇
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ နှံစားပြောင်းသီးနှံ စိုက်ဧက ၁၃၆၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဧကအားလုံးအောင်မြင်စွာ ရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
နှံစားပြောင်းကို စိုက်ပျိုးပြီး လေးလကျော်ခန့်အကြာတွင် စတင်ရိတ်သိမ်းရကြောင်း၊ ထွက်တိုးနီမျိုးများကို အများဆုံးစိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုး လေးပြည်ခန့်ကုန်ကျ၍ ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၂၅၀၀၀၀ ခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် နှံစားပြောင်း ၃၅-၄၀ တင်း ခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်သူများက ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချပြီး ပွဲရုံများမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ ယခုနှစ်တွင် နှံစားပြောင်းသီးနှံ ဈေးနှုန်းများ ကောင်းမွန်သောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိကြောင်း သိရသည်။
သတင်းရင်းမြစ်- စီးပွား/ကူးသန်း