မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခုဖြစ်၍ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနှံကို စိုက်ပျိုးထားရှိကြောင်း၊ ထောပတ်ပဲ (ဆောင်း) သီးနှံကို မြစ်သားမြို့နယ်၌ ဧက ၁၆၀ စိုက်ပျိုးထားရှိပြီး ယခုအချိန်တွင် ရိတ်သိမ်းပြီးဖြစ်ကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ထောပတ်ပဲ (ဆောင်း) ကို စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စိုက်ပျိုးကြပြီး မတ်လနှင့် ဧပြီလများတွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ ထောပတ်ပဲမျိုးများမှာ ပင်ထောင်ထောပတ်ပဲမျိုးနှင့် ပင်ပြန့် ထောပတ်ပဲမျိုးများဖြစ်ပြီး ပင်ပြန့်မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် မြေပြုပြင်၍ အတန်းလိုက်စိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် တစ်ဧက လျှင် စုစုပေါင်းငွေကျပ် ၁၅၀၀၀၀ ကျော်ခန့်ကုန်ကျပြီး တစ်ဧကလျှင် ၉-၁၀ တင်းခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်သူများက ကျောက်ဆည်မြို့ရှိ ပွဲရုံများသို့ တိုက်ရိုက်ရောင်းချပြီး ပွဲရုံများမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကာ တောင်သူများ အကျိုးအမြတ် ရရှိကြောင်း သိရသည်။
DOCA (မန္တလေး)