မြစ်သား နိုဝင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာ ကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် မှိုင်းဝကျေးရွာတွင် စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်းခြင်းကို နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၃ နာရီက အဆိုပါကျေးရွာဓမ္မာရုံ၌ ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြစ်သားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်က အမှာစကား ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်နှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းများနှင့် ပတ်သတ်၍ မိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ဖွဲ့စည်းခြင်း၊ စီမံချက်ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသော ကျေးရွာသူ၊ ကျေးရွာသားများက ကော်မတီဝင်များကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေ ကျပ် သိန်း ၁၀၀ မတည်၍ ကျေးရွာနေပြည်သူများ၏ လုပ်အား၊ ငွေအားထည့်ဝင်မှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ကျေးရွာ၏ အဓိကလိုအပ်ချက်ဖြစ်သော ဖွံ့ဖြိုးရေးစီမံချက်များရေးဆွဲပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းများက နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြမြမွန်(မြစ်သား)


