မြစ်သား ၂၂ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ပေါက်မြိုင်ကျေးရွာ၊ အာရှရွှေအုတ်ကုမ္ပဏီလီမိတက် (အုတ်စက်ရုံ)တွင် ယနေ့နံနက် ၅ နာရီက အုတ်ဖုတ်ရာတွင်အသုံးပြုသည့် ကျောက်မီးသွေးများအား ကွန်ပျူတာစနစ်ဖြင့် မီးအပူပေး အပူချိန်ထိန်းညှိရာတွင် အပူလွန်ကဲကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
မြစ်သားမြို့နယ်၊ ပေါက်မြိုင်ကျေးရွာအနီး မန္တလေး−မြင်းခြံကား လမ်းဘေး အာရှရွှေအုတ်စက်ရုံမှ အုတ်လုပ်ငန်းပညာရှင် တရုတ်လူမျိုး Liu Hanze သည် အုတ်စက်အတွင်း အုတ်ဖုတ်ရာတွင် အသုံးပြုသည့် ကျောက်မီးသွေး မီးအပူချိန်အား ကွန်ပျူတာစနစ်ဖြင့် အပူချိန်ထိန်းညှိပေးရာတွင် အပူချိန်လွန်ကဲ၍ အုတ်စက်နံရံတွင် ကာရံထားသည့်ပလတ်စတစ်နံရံမှတစ်ဆင့် စက်ရုံအမိုးသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ၂၂ ပေပတ်လည် ပလတ်စတစ်ပြား အမိုး (၃၅)ခန်းမီးလောင်ကျွမ်းခဲ့ပြီး လူနှင့် တိရစ္ဆာန်ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း မြစ်သားမြို့နယ်မီးသတ်စခန်းမှ သိရှိရသည်။
မီးလောင်ရာနေရာသို့ ကျောက်ဆည် ခရိုင်မီးသတ်စခန်းမှ ခရိုင်မီးသတ်ဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇင်ထွန်းဦးစီး၍ ကျောက်ဆည်မြို့နယ် မီးသတ်စခန်း၊ မြစ်သားမြို့နယ် မီးသတ်စခန်း၊ ကူမဲနယ်မြေမီးသတ်စခန်း၊ မင်းစုနယ်မြေမီးသတ်စခန်း၊ ဟန်မြင့်မိုရ်နယ်မြေ မီးသတ်စခန်း၊ စဉ့်ကိုင်မြို့နယ်မီးသတ်ခန်းတို့မှ ဒုမီးသတ်ဦးစီးမှူး၊ လက်ထောက်ဦးစီးမှူး၊ ဦးစီးအရာရှိ၊ သန္ဓေတပ်ဖွဲ့ဝင်(၃၄)ဦး၊ အရန်တပ်ဖွဲ့ဝင်(၁၄)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁၀)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ရာ နံနက် ၅ နာရီ ၄၈ မိနစ်အချိန်တွင် မီးငြှိမ်းနိုင်ခဲ့ကြောင်းသိရသည်။
ဆုမွန်(မြစ်သားပြန်/ဆက်)
