မြစ်သား ၁၁ မေ
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ဘောင်ဖြင့်စိုက်ပျိုးထားသည့် နှမ်းဖြူများ ယခုနှစ်တွင် တစ်တင်းလျှင် ရှစ်သောင်းကျပ်ဝန်းကျင်ဖြင့် ဈေးကောင်းရရှိလျက်ရှိသဖြင့် နှမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသည် ပန်းလောင်မြစ်မှ မြစ်ရေတင်ရေ အသုံးပြုကာ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး နှမ်းစိုက်တောင်သူများ နှမ်းဖြူကို ဘောင်ဖြင့် ဇန်နဝါရီလမှစတင်၍ မျိုးစေ့ချစိုက်ပျိုးခြင်းဖြစ်ကာ ၂ လခန့်အကြာတွင် နှမ်းစိုက်ခင်းများ အပွင့်၊ အသီး စတင်ဖူးပွင့်ပြီး ၄ လခန့်အကြာတွင် စတင်ရိတ်သိမ်း၍ ရပြီဖြစ်ကြောင်း၊ ယခင်နှစ်တွင် နှမ်းဖြူတစ်တင်း ငါးသောင်း ကျပ်ဝန်းကျင်ရရှိရာမှ ယခုနှစ်တွင် နှမ်းဖြူတစ်တင်း ရှစ်သောင်းကျပ်ဝန်းကျင် ပေါက်ဈေးရ၍ ဘောင်ဖြင့်စိုက်ပျိုး သည့် နှမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သမတန်းကျေးရွာမှ နှမ်းစိုက်တောင်သူ ဦးအောင်ကိုက ပြောသည်။
အဆိုပါ နှမ်းဖြူကို ကျဲပက်စိုက်ပျိုးပါက တစ်ဧကလျှင် (၂)ပြည်ကုန်ကျပြီး ဘောင်ဖြင့် စိုက်ပျိုးမည်ဆိုပါက တစ်ဧကလျှင် မျိုးစေ့(၁)ပြည်နှင့် (၂)ဘူးသာ ကုန်ကျသောကြောင့် မျိုးစေ့သက်သာပြီး အထွက်နှုန်းအနေဖြင့် ဘောင်ဖြင့်စိုက်ပျိုးသည့်နှမ်းမှာ အထွက်နှုန်း ပိုမိုကောင်းမွန်ကာ ရေသွင်းစိုက်ပျိုးရသည့်အတွက် မိုးစောင့်ရန် မလိုကြောင်း သိရသည်။
ဆုမွန်(မြစ်သား ပြန်/ဆက်)


