မြစ်သား ၁၈  ဇွန်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ မြစ်သားမြို့နယ် စိုက်ပျိုးရေး သုတေသနပြုခြံတွင် ချည်မျှင်ရှည်ဝါ Germplasm မျိုး(၂၀ဝ) စုဆောင်းထားရှိခြင်းနှင့် ဝါမျိုးသစ်များ ရရှိရန် သုတေသနပြု ဆောင်ရွက်ထားကြောင်း သိရသည်။

 

အဆိုပါ သုတေသနပြုခြံတွင် မိုးနှောင်းရာသီ၊ မိုးကြိုရာသီ၊ မိုးရာသီတို့တွင် ကုလားပဲ သီးနှံ၊ ချည်မျှင်ရှည်ဝါသီးနှံ၊ ပဲတီစိမ်းသီးနှံနှင့် စပါးသီးနှံတို့၏ သုတေသနလုပ်ငန်းနှင့် မျိုးစေ့ ထုတ်လုပ်ရေး လုပ်ငန်းများ၊ ယခုလက်ရှိ သုတေသန လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း မြစ်သား သုတေသနခြံမန်နေဂျာ ဒေါ်ဆွေဆွေမြင့်ကပြောသည်။

 

မြစ်သားမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် မိုးကြိုရာသီတွင် စုပ်ပိုးဒဏ် ခံနိုင်ရည်ရှိသော အထွက်ကောင်း ဝါမျိုးများ ရရှိရန် စမ်းသပ်ကွက်(၂)ကွက်နှင့် ရေငတ်ဒဏ်ခံနိုင်သော ဝါမျိုးများရရှိရန် စမ်းသပ်ကွက်ကို ဆောင်ရွက်ထားကြောင်း၊ ချည်မျှင်ရှည်ဝါမျိုးများ စုဆောင်လေ့လာခြင်း သုတေသနကို ပြည်တွင်းပြည်ပမှ စုဆောင်းရရှိသော မျိုး Germplasm (၂၀ဝ)အား အရည်အသွေး နှင့် အရည်အချင်း လက္ခဏာများ ကောက်ယူခြင်း၊ မျိုးထိန်းခြင်းများ ဆောင်ရွက်ထားရှိခြင်း၊ စုပ်ပိုး ဒဏ်ခံနိုင်ရည်ရှိသော အထွက်ကောင်း ဝါမျိုးများ ရရှိရန်နှင့် ရေငတ်ဒဏ် ခံနိုင်ရည်ရှိသော အထွက်ကောင်း ဝါမျိုးများ ရရှိရန် မျိုးအတွက် ယှဉ်ပြိုင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားကြောင်း သိရသည်။

 

ယင်းသုတေသန ရလဒ်များမှ တောင်သူများအတွက် လိုအပ်သော ဈေးကွက်ဝင် အရည်အသွေးကောင်း၊ အထွက်ကောင်း ဝါမျိုးသစ်များရရှိခြင်း၊ ပြောင်းလဲလာသည့် ရာသီဉတု ဒဏ်ခံရန်နှင့် ရေငတ်ဒဏ် ခံနိုင်ရည်ရှိသော အထွက်ကောင်း ဝါမျိုးသစ်များ ရရှိခြင်းနှင့် စုပ်ပိုးဒဏ် ခံနိုင်ရည်ရှိသော ဝါမျိုးသစ်များ ရရှိနိုင်မည်ဖြစ်ကြောင်း မြစ်သားသုတေသနခြံ မန်နေဂျာ၏ ပြောပြချက်အရ သိရသည်။

 

ဆုမွန်(မြစ်သားပြန်/ဆက်)