မြစ်သား ၂၀ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် R2 E2(သြစတြေးလျ) သရက်မျိုးကိုင်းထည့် မျိုးစပ် နည်းဖြင့် အောင်မြင်ဖြစ် ထွန်းလျက်ရှိကြောင်းသိရှိရသည်။
R2 E2 (သြစတြေးလျ)သရက် မျိုးကိုင်းထည့် မျိုးစပ်နည်းအား အသုံးပြု၍ စိုက်ပျိုးထားသည့် သရက်ပင်များ အောင်မြင်ဖြစ်ထွန်းနေပုံနှင့် အဆိုပါနည်းဖြင့် သရက်စိုက်ပျိုးပုံ အဆင့်ဆင့်နှင့် သရက် စိုက်ပျိုးရခြင်း ရည်ရွယ်ချက်များအား မြစ်သားမြို့နယ် ရွှေသူဌေးရပ်ကွက်မှ သရက်ခြံပိုင်ရှင် ဦးဇော်နိုင်ဝင်းက ယခုလို ပြောပြထားပါတယ် ။
ရည်ရွယ်ချက်မှာ သရက်ခြံပိုင်ရှင်တွေ အရှုံးပေါ်နေတာမျိုး မဖြစ်စေလိုသည့်အတွက် သရက် အကြမ်းများနှင့် သရက်အစိမ်းများ ကြွေကျတာတွေ သို့တည်းမဟုတ် သားခွဲတဲ့အချိန်မှာခွဲ ထုတ်တဲ့သရက် သီးအစိမ်းတွေကို တန်ဖိုးမြှင့်ထုတ်ကုန်အနေနဲ့ထုတ်လုပ်ဖို့ရည်ရွယ်ထားကြောင်း၊ သရက်သီးအစိမ်းကို တစ်နှစ်ပတ်လုံးဈေးကွက်ရနိုင်တဲ့ ယိုမျိုးစုံထိုးတဲ့ပညာရှင်တွေလဲရွေးချယ် ထားကြောင်း၊ မြို့နယ်မှာ လာရောက်ဖွင့်လှစ်တဲ့ သင်တန်းများကိုလည်း လူငယ်များကို တက်ခိုင်းထားပြီး အတွေ့အကြုံများ ယူထားပြီးဖြစ်ကာ လာမည့်နှစ်မှာ လုပ်ငန်းစနိုင်မည်လို့ ယူဆထားကြောင်းသိရပါတယ်။
“သရက်စိုက်ပျိုးမျိုးကိုင်း ရွေးချယ်ရာတွင် အဖူးလေးတွေ စိမ်းနေတာကိုရွေးယူပြီး အရွက်များကို ကိုက် ထုတ်ပစ်ရ ကြောင်း၊ အဆိုပါမျိုးကိုင်းကို ရေငွေ့ပြန်ဆုံးရှုံးမှုမရှိစေရေး သဘာဝအတိုင်း ပလတ်စတစ် အလွှာပါးတိတ်ဖြင့် ပတ်ပြီးအုပ်ပေးရကြောင်း၊ မျိုးကိုင်းထည့်ဖို့ အတွက်အောက်ခံထားရန် အသက်ကြီး အပင်ကိုယူပြီး ဖြတ်ထုတ်ရကြောင်း၊ အောက်ခံအပင်က သဘာဝအတိုင်းထွက်တဲ့ အစည်းလေး တွေနဲ့ မျိုးကိုင်းထည့်နိုင်ဖို့ အရာပေးရကြောင်း အခေါက်ကိုလှီးပြီး နည်းနည်းဟ သည့်နေရာတွင် မျိုးကိုင်းထည့်သည့်အခါ အခေါက်နဲ့မျိုးကိုင်း ထိနိုင်သမျှထိအောင် စနစ်တကျ ကြိုးတုပ်ပေးရကြောင်း၊ မျိုးစပ်ထား သည့် နေရာတွင် အင်းဆက်ပိုးမွှားများနှင့် အခြားရောဂါပိုးများ မဝင်နိုင်အောင် သံနန်းကြိုးစိုက်ကာ အောက်ခံရေ ငွေ့ပြန်ပြီးခြောက်သွေ့ မသွားအောင် ပလတ်စတစ် ဖုံးပေးရကြောင်း၊ လိုအပ်ချက် အရ အရိပ်ရအောင်စက္ကူကိုထည့်သွင်းထားခြင်းဖြစ်ကြောင်း၊ (၁၀)ရက်ပြည့် သည့်နေ့တွင် စက္ကူကိုခွာပြီး အညွှန့်ဘေးအတတ်ထွက်လာကြောင်း၊ ပင်စည်ကြား အခေါက်ခွာမျိုးကိုင်းထည့် မျိုးစပ်စိုက်ပျိုထားမှု (၂)ပြည့်သည့်အနေအထားတွင် အသီးစတင်ယူလို့ရပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ သရက်စိုက်ပျိုးရာတွင် တစ်ဧကကို ၁၅ ပေခြားစိုက်ပျိုးပါက (၁၉၄)ပင်၊ ပေ(၂၀)ခြား စိုက်ပျိုးပါက (၁၀၉)ပင် စိုက်ပျိုးနိုင်ကြောင်း၊ ၎င်းအနေဖြင့် ယခုနှစ်တွင် သရက်အမျိုးအစားများမှာ- R2 E2 (သြစတြေးလျ)၊ ပန်းသစ်တော်၊ စိန်တစ်လုံး၊ ပတ္တမြားငမောက်၊ ချော်ကနိုင်၊ ကိတ်၊ ဂိုးနန်းတော်မှိုင်း၊ တရုတ်ညိုထုပ်၊ ပုဇွန်ထုပ်၊ မြသဘက် သရက်မျိုးများစိုက်ပျိုးထားရှိပြီး တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ဖို့ရည်ရွယ်ထားကြောင်း သိရှိရသည်။
မြမြမွန်(ပြန်/ဆက်)


