မြစ်သား ၇ သြဂုတ်      

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် စည်ပင်သာယာစျေးများဖြစ်သော မြစ်သားစျေး၊ ကူမဲစျေးနှင့် အခွန်လွတ်စျေးများတွင် စျေးရောင်းချသူများနှင့် ဈေးလာရောက် ဝယ်ယူသူများအား နှာခေါင်းစည်း တပ်ဆင်၍ ဈေးရောင်းခြင်း၊ ဈေးဝယ်ခြင်းများ ပြုလုပ်ကြရန် အသိပညာပေးခြင်းကို ယနေ့နံနက် ၆ နာရီခွဲမှစတင်ကာ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အဆိုပါဈေးများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဈေးသည်များနှင့် ဈေးလာရောက်ဝယ်ယူသူများအား သတ်မှတ်အကွာအဝေးအတိုင်း ရောင်းချရေး၊ ဝယ်ယူရေး၊ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း၊   နှာခေါင်းစည်း မပါရှိသူများအား နှာခေါင်းစည်း တစ်ခုလျှင် တစ်ရာနှုန်းဖြင့်ရောင်းချ၍ စနစ်တကျ တပ်ဆင်စေပြီးမှသာ ဈေးအတွင်းသို့ ဝင်ရောက်စေခြင်း၊ ဈေးအတွင်းတွင် ကျန်းမာရေးဆိုင်ရာ အသိပေးချက်များ၊ နှာခေါင်းစည်း များတပ်ဆင်ပြီးမှ သွားလာရန်အသိပေး ချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး လက်ကိုင်အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော် ခြင်းများကို ဩဂုတ် ၆ ရက်နေ့မှစတင်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

မြစ်သားမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးအသီးသီးတွင် စျေးသူစျေးသားများအနေဖြင့် နှာခေါင်းစည်း တပ်ဆင်ပြီးမှ စျေးရောင်းစျေးဝယ်ခြင်း ပြုလုပ်ကြရန်နှင့် စျေးလာရောက်ဝယ်ယူသူများ အနေဖြင့်လည်း နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိပါက စျေးအတွင်းသို့ ဝင်/ထွက်ခွင့်ပြုမည် မဟုတ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ဆုမွန်(မြစ်သားပြန်/ဆက်)