မြစ်သား  ၁၁ ဖေဖော်ဝါရီ

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာစိုက်နည်းစနစ် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ဝက်ထိန်းကျေးရွာအုပ်စု၊ တဲကြီးကျေးရွာရှိ တောင်သူ ဦးစိုးဝင်း၏ ဆောင်းနေကြာ ငါးဧက စံပြကွက်တွင် ပြုလုပ်ခဲ့သည်။

သရုပ်ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးတိုးမင်း၊ စိုက်ပျိုးရေးသုတေသန (ရုံးချုပ်)မှ လက်ထောက်သုတေသနအရာရှိ ဒေါ်နန်းပပဝင်းတို့က တောင်သူဦးကြီးများအား သီးနှံစိုက်ပျိုး ဖြစ်ထွန်းအောင်မြင်ရေးအတွက် လုပ်ဆောင်နေမှုများ၊ နေကြာသီးနှံမျိုး မွေးမြူထုတ်လုပ်ခြင်းများ၊ GAP စနစ်ဖြင့် စိုက်ပျိုးသည့် သီးနှံများ၏ ဈေးနှုန်းမြင့်မားလာစေရေး၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနအနေဖြင့် တောင်သူများအတွက် ရောဂါဒဏ်ခံနိုင်သော အထွက်တိုးသောမျိုးများအား ထုတ်ပေးနိုင်ရေး စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တောင်သူ ဦးစိုးဝင်း စိုက်ပျိုးထားသော စပ်မျိုးနေကြာ ငါးဧကစိုက်ခင်းတွင် ထရိုင်ကိုဒါးမားမှို အသုံးပြုထားသည့်အတွက် ပိုးသတ်ဆေး၊ ရောဂါသတ်ဆေး သုံးစွဲရန်မလိုပဲ ပိုးမွှားဒဏ်နှင့် ရောဂါဒဏ် ကင်းရှင်းနေမှုများ၊ စပ်မျိုးနေကြာ စိုက်ပျိုးသည့်အတွက် နေကြာများအပွင့်ကြီးကာ အထွက်နှုန်းကောင်းပြီး အောင်မြင် ဖြစ်ထွန်းနေသည့် နေကြာစိုက်ခင်းအား တောင်သူများ မျက်ဝါးထင်ထင် တွေ့ရှိစေရန် ဖိတ်ကြားပြသခဲ့သည်။

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး၊ စိုက်ပျိုးရေးသုတေသန(ရုံးချုပ်)မှ လက်ထောက်သုတေသနအရာရှိ၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများနှင့် စိတ်ပါဝင်စားသူ တောင်သူ ၈၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)