မြစ်သား  ၂၄      နိုဝင်ဘာ 

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ မြစ်သားမြို့နယ်၊ ခရုတုပ်ကျေးရွာအုပ်စု၊ ကျားမီးဆွဲကျေးရွာတွင်ရှိသော ဘောလုံးအခြေခံလေ့ကျင့်ရေး သင်တန်း ကျောင်းသို့ ယနေ့နံနက်ပိုင်းက သွားရောက်၍ ဘောလုံးအားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဘောလုံးအခြေခံ လေ့ကျင့်ရေး သင်တန်းကျောင်းကို သီရိလင်္ကာပြန်ဓမ္မကထိက အရှင်မုနိန္ဒ ဃောသာ လင်္ကာရ ဆရာတော်ဘုရား၏ အစီအစဉ်ဖြင့် ကျေးရွာတွင်းရှိလူငယ်များ လမ်းမှား မရောက်စေရန်၊ ကျေးရွာတွင်း ပြည်သူများ အားကစားကို စိတ်ပါဝင်စားလာစေရန်၊ ကျေးရွာကိုယ်စားပြု၊ မြို့နယ် ကိုယ်စားပြု အားကစားသမား အဖြစ်မှတိုင်း၊ နိုင်ငံကိုယ်စားပြု အားကစားသမားများ ပေါ်ထွက်လာ စေရန်ရည်ရွယ်ပြီး ဖွင့်လှစ် သင်ကြားပေးလျက်ရှိကာ ဆရာတော်မှ အားကစားအပြင် အင်္ဂလိပ်စာနှင့် တရားစာများကိုလည်း သင်ကြားပေးလျက် ရှိကြောင်းသိရသည်။

 

အဆိုပါ ဘောလုံးအခြေခံ လေ့ကျင့်ရေး သင်တန်းကျောင်း၌ သင်တန်းသား(၃၀)ခန့်ရှိကာ အကြီး၊ အငယ် (၂)ပိုင်းခွဲ၍ မြန်မာနေရှင်နယ်လိဒ်အမှတ်ပေးပြိုင်ပွဲတွင်လက်ရှိကစားနေကြသော Rakhine United FC အသင်းမှ မောင်ဇင်ကိုထွန်းနှင့် Yadanabon FC အသင်းမှ မောင်အာကာတို့နှစ်ဦးမှ ဦးဆောင်၍ လေ့ကျင့် သင်ကြား ပေးလျက်ရှိပြီး ကိုဗစ်−၁၉ ရောဂါ ကြောင့်သင်တန်းသားအသစ်များအား လောလောဆယ် ကန့်သတ်ထားကြောင်း သိရသည်။

 

မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အနေဖြင့် အဆိုပါဘောလုံးအခြေခံလေ့ကျင့်ရေးသင်တန်း ကျောင်းသို့ ဘောလုံး(၁၀)လုံးနှင့် ဘောလုံးထည့်သည့်ပိုက်များကိုထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်အတွင်း အားကစားကွင်း ရှိပြီး အမှန်တကယ်ကစားနေသည့် ကျေးရွာများသို့တစ်လ(၃)ကြိမ် ဘောလုံး၊ ဘော်လီ ဘောနှင့် ပိုက်ကျော်ခြင်း အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်လျက်ရှိကြောင်းနှင့် နောင်နှစ်များတွင် ကျေးရွာပိုင် အားကစားကွင်းအဖြစ် မြေဂရန်ရရှိသည့် ကျေးလက်ကစားကွင်းများကို အဆင့်မြှင့်တင်ပေး ရန်အတွက် တိုင်းဒေသကြီး အစိုးရသို့ ဘတ်ဂျက်တင်တောင်းပေးသွားရန်အစီအစဉ်ရှိကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိထံမှ သိရှိရသည်။

 

ဆုမွန်(မြစ်သား)