မြစ်သား ၂၁ စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ရွှေသူဌေးရပ်ကွက်တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီ မိနစ် ၅၀ ခန့်က နွားထိုးကြီးဘက်မှ ခိုးယူလာသော ဆိုင်ကယ်(၇)စီးအား ပုံစံများပြုပြင်ပြောင်းလဲနေကြောင်း သတင်းအရ ဝင်ရောက်ဖမ်းဆီးရာ ပြစ်မှုကျူးလွန်သူ (၅)ဦးနှင့်အတူ သက်သေခံပစ္စည်းများအား ဖမ်းဆီးရမိခဲ့ကြောင်း မြစ်သားမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

ဖြစ်စဉ်မှာ ယမန်နေ့ မွန်းလွဲ ၃ နာရီ မိနစ် ၅၀ ခန့်တွင် ပြစ်မှုကျူးလွန်သူ မောင်ကိုပါ (၄)ဦးအဖွဲ့သည် ခိုးယူလာသော ဆိုင်ကယ်များအား မြစ်သားမြို့နယ်၊ ရွှေသူဌေးရပ်ကွက်၊ (၄)လမ်းနေ ဦးတင်မောင်မြင့်၏ နေအိမ်တွင်စုစည်း၍ ပုံစံများ ပြုပြင်ပြောင်းလဲနေကြောင်း သတင်းရရှိသဖြင့် မြစ်သားမြို့မစခန်းမှ စခန်းမှူး ဒုရဲမှူးလှသန်းနိုင်၊ ရဲအုပ် အောင်ဇော်မင်းထွန်းနှင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အွမ်ဟာဦးစီး နယ်ထိန်းတပ်ဖွဲ့ဝင် အဖွဲ့များ၊ နွားထိုးကြီးမြို့မစခန်းမှူး ဒုရဲမှူးမြစိုး၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်စည်သူဖြိုး ဦးစီးအဖွဲ့တို့သည် သက်သေ ရွှေသူဌေးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမိုးမြင့်ဦး၊ ရာအိမ်မှူး ဦးစိုးနိုင်တို့နှင့်အတူ ဦးတင်မောင်မြင့်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဦးတင်မောင်မြင့်နှင့်အတူ ပြစ်မှုကျူးလွန်သူ မောင်ကိုပါ စုစုပေါင်း (၅)ဦးတို့ကို နွားထိုးကြီးမြို့နယ်မှ ခိုးယူလာသော ဆိုင်ကယ်(၇)စီးအား ပုံစံများ ပြုပြင်ပြောင်းလဲရန်အတွက် ဝက်အူလှည့်များ၊ ဂွများဖြင့် ဆိုင်ကယ်ဒူးကာများ ဖြုတ်ခြင်း၊ သော့အုံလဲခြင်းများ ပြုလုပ်နေသည်ကို တွေ့ရှိဖမ်းဆီးမိခဲ့ပြီး ဦးတင်မောင်မြင့်ပါ (၅)ဦးအား ပဏာမစစ်ဆေးချက်အရ ၎င်းဆိုင်ကယ်များအား နွားထိုးကြီးမြို့နယ်ဘက်မှ ခိုးယူလာကြောင်း သိရှိရသည်။

 

အဆိုပါ ဆိုင်ကယ်(၇)စီးနှင့်အတူ ဖမ်းဆီးရမိသည့် မောင်ကိုပါ (၄)ဦးနှင့် တင်မောင်မြင့်တို့အား နွားထိုးကြီးမြို့မစခန်းမှူး ဒုရဲမှူးမြစိုးနှင့်အဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြစ်သားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

 

ဆုမွန်(မြစ်သားပြန်/ဆက်)