မြစ်သား ၃၁ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကူမဲငါးလုပ်ငန်းစခန်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ငါးမွေးမြူထုတ်လုပ်မှုလုပ်ငန်းတွင် Covid-19 ရောဂါ ကာကွယ်တားဆီးရေး အစီအစဉ်များကြောင့် ငါးမွေးမြူရေးလုပ်ငန်း၏ သွင်းအားစုဖြစ်သည့် ငါးအစာ၊ ငါးသားပေါက်အပါအဝင် လုပ်ငန်းသုံးပစ္စည်းများ၊ ငါးမွေးကန်များသို့ ရောက်ရှိရေးအတွက် သယ်ယူပို့ဆောင်မှု ကန့်သတ်ချက်ရှိခြင်း၊ စီမံခန့်ခွဲမှုနှင့် လုပ်သားများရရှိနိုင်မှု အခက်အခဲများရှိခြင်း၊ ငါးမွေးမြူရေးထုတ်ကုန်များ ဝယ်လိုအားလျော့နည်းပြီး ရောင်းချလိုသည့်ပမာဏ အများအပြားရှိခြင်း၊ ငါးဈေးနှုန်းများကျဆင်းပြီး ဈေးကွက် မတည်ငြိမ်ခြင်း၊ ပြည်ပသို့ ငါးမွေးမြူထုတ်လုပ်တင်ပို့ခြင်းများ ရပ်ဆိုင်းသွားခြင်းတို့ကြောင့် ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့လျက်ရှိနေပြီး အဆိုပါ ထိခိုက်ဆုံးရှုံးမှုများကို အမြန်ဆုံးပြန်လည်ထူထောင်နိုင်ရေးအတွက် Covid-19 Economic Relief Plan တွင် ပါဝင်သည့် Action Plan အရ ငါးမွေးမြူရေးလုပ်ငန်း ပြန်လည်ထူထောင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးမွေးတောင်သူများအား နိုင်ငံတော်မှထောက်ပံ့သည့် မျိုးငါးနှင့် ငါးသားပေါက်များအား ဧက(၁၅၀ဝ၀ဝ)အတွက် ဖြန့်ဖြူးပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြစ်သားမြို့နယ်ရှိ ငါးမွေးတောင်သူ(၆)ဦး၊ ငါးမွေးကန်(၇၁.၄၂) ဧကအတွက် ငါးသားပေါက်ကောင်ရေ ၁၉၉၉၇၉ ကောင်ကို ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး ဆက်လက်ထောက်ပံ့ပေးမည့် လုပ်ငန်းစဉ်များကို စက်တင်ဘာလကုန်အတွင်း အပြီးသတ် ပံ့ပိုးဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ဆုမွန်(မြစ်သားပြန်/ဆက်)