မြစ်သား ၁၅ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မွေးမိခင်သေဆုံးမှုလျော့ချရေး ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မြို့နယ်မိခင်နှင့်ကလေးဆရာဝန် ဒေါက်တာနေခြည်၊ မြို့နယ်သူနာပြု အဆင့်(၁) ဦးတင်မောင်ဝင်းနှင့် ကျန်းမာရေးမှူး ဒေါ်ထွန်းမေတို့က ကျန်းမာရေးဦးစီးဌာန၏ ထောင်စုနှစ်ရည်မှန်းချက်ဖြစ်သည့် ကလေးရှင်မွေး (၁)သိန်းတွင် မိခင်သေဆုံးမှု (၇၀)ရာခိုင်နှုန်း လျှော့ချရန်၊ ကာကွယ်ဆေးထိုး၍ မွေးဖွားမိခင် ပိုးဝင်သေဆုံးမှုလျှော့ချရန်၊ မေးခိုင်ကာကွယ်ဆေး ကိုသတ်မှတ်ကာလအတွင်း အကြိမ်ပြည့်ထိုးနှံရန်၊ မေးခိုင်ကာကွယ်ဆေးထိုးခြင်း၏အကျိုးကျေးဇူးများ၊ အန္တရာယ်ရှိ မွေးဖွားမိခင်များအား စောလျင်စွာဆေးရုံသို့ လွှဲပြောင်းပေးပို့နိုင်ရေး ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရေး အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြစ်သားမြို့နယ်(ကူမဲမြို့အပါအဝင်)အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာစာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
ဆုမွန်(မြစ်သားပြန်/ဆက်)