မြစ်သား ၇  ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာစိုက်နည်းစနစ် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ဖေဖော်ဝါရီ ၆ ရက် နံနက် ၁၀ နာရီက ဝက်ထိန်းကျေးရွာအုပ်စု၊ တဲကြီးကျေးရွာ၊ ကွင်းအမှတ် (၄၁၈ ဃ)ရှိ တောင်သူ ဦးစိုးဝင်း၏ ဆောင်းနေကြာ ငါးဧက စံပြကွက်တွင် ကျင်းပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးတိုးမင်း၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုး၊ စိုက်ပျိုးရေး သုတေသန(ရုံးချုပ်)မှ လက်ထောက်သုတေသန အရာရှိ ဒေါ်နန်းပပဝင်းတို့က တောင်သူ ဦးကြီးများအား သီးနှံစိုက်ပျိုး ဖြစ်ထွန်းအောင်မြင်ရေးအတွက် လုပ်ဆောင်နေမှုများ၊ နေကြာသီးနှံမျိုး မွေးမြူ ထုတ်လုပ်ခြင်းများ၊ GAP စနစ်ဖြင့် စိုက်ပျိုးသည့် သီးနှံများ၏ ဈေးနှုန်းမြင့်မားလာစေရေး၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် တောင်သူများအတွက် ရောဂါဒဏ်ခံနိုင်သော အထွက်တိုးသော မျိုးများအား ထုတ်ပေးနိုင်ရေး စသည်များကို ရှင်းလင်း ပြောကြားသည်။

 

ကွင်းသရုပ်ပြပွဲတွင် တောင်သူဦးစိုးဝင်း စိုက်ပျိုးထားသော စပ်မျိုးနေကြာ ငါးဧက စိုက်ခင်းတွင် ထရိုင်ကိုဒါးမားမှို အသုံးပြုထားသည့်အတွက် ပိုးသတ်ဆေး၊ ရောဂါသတ်ဆေး သုံးစွဲရန် မလိုပဲ ပိုးမွှားဒဏ်နှင့် ရောဂါဒဏ် ကင်းရှင်းနေမှုများ၊ စပ်မျိုးနေကြာ စိုက်ပျိုးသည့်အတွက် နေကြာများ အပွင့်ကြီးကာ အထွက်နှုန်းကောင်းပြီး အောင်မြင် ဖြစ်ထွန်းနေသည့် နေကြာစိုက်ခင်းအား တောင်သူများ မျက်ဝါးထင်ထင်တွေ့ရှိစေရန် ဖိတ်ကြားပြသခဲ့ကြောင်း သိရသည်။

 

အဆိုပါကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး၊ စိုက်ပျိုးရေးသုတေသန(ရုံးချုပ်)မှ လက်ထောက် သုတေသနအရာရှိ၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများနှင့် စိတ်ပါဝင်စားသူ တောင်သူ ၈၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မင်ထက်အောင်(မန်းကိုယ်ပွား)