နေပြည်တော်  ၂၃  ဇူလိုင်

မြစ်သဲကျောက် လုပ်ငန်းရှင်များအနေဖြင့် ကျူးကျော်စုပ်ယူခြင်း၊ စည်းကမ်းမဲ့ စုပ်ယူခြင်းများ တွေ့ရှိရပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသန္တရ အုပ်ချုပ်ရေး အာဏာပိုင်များအနေဖြင့် အလွဲသုံးစားပြုလုပ်မှုများ ပေါ်ပေါက်ပါက တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

ကြံခင်း မဲဆန္ဒနယ်မှ ဒေါက်တာဦးထွန်းလင်းမော် မေးမြန်းသည့် “မြစ်သဲကျောက် ထုတ်ယူခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ စည်းကမ်းဖောက်ဖျက်ခြင်းများအား အရေးယူရာတွင် မော်တော်သားများသာမက တာဝန်ခံမှု တာဝန်ယူမှုတို့ဖြင့် မော်တော်ပိုင်၊ ကျောက်လုပ်ငန်း ဥက္ကဋ္ဌများကိုပါ စီမံခန့်ခွဲမှု နည်းလမ်း၊ ဥပဒေကြောင်းများနှင့် အရေးယူရန် အစီအစဉ် ရှိ၊ မရှိနှင့် လုပ်ပိုင်ခွင့် အလွဲသုံးစားလုပ်သော ဒေသန္တရအုပ်ချုပ်ရေး အာဏာပိုင်များအား အရေးယူရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုကို ဒုတိယဝန်ကြီး ဦးတင်မြင့် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဒုတိယဝန်ကြီး ဦးတင်မြင့်က “ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုထားသော လုပ်ကွက်တည်နေရာတွင် သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်စေရေး၊ သတ်မှတ်အလုပ်ရှင်နှင့် အညီဆောင်ရွက်စေရေး၊ သတ်မှတ်ပမာဏအတိုင်း ထုတ်ယူစေရေး၊ တရားမဝင် တူးဖော်ထုတ်လုပ်ခြင်းများ မရှိစေရေးအတွက် ခရိုင်၊ မြို့နယ် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့နှင့် ဖမ်းဆီးမှုအဖွဲ့တို့ဖြင့် ကွင်းဆင်းစစ်ဆေး အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ ၁၈၇၆ ခုနှစ်၊ မြန်မာနိုင်ငံ မြေနှင့်အခွန် နည်းဥပဒေ အပိုဒ် ၁၀၇ အပိုဒ်ခွဲ(ဈ) အရ လည်းကောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေများအရလည်းကောင်း အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း။

စည်းကမ်းပျက် ကျောက်စုပ်မှုများနှင့် ပတ်သက်၍ စည်းကမ်းဖောက်ဖျက်ခြင်းများအား အရေးယူဆောင်ရွက်နိုင်ရန်အတွက် ဧရာဝတီမြစ်အတွင်း ရေကြောင်းရဲတပ်ဖွဲ့အား တာဝန်ပေးအပ်ထားကြောင်း၊ မြစ်သဲကျောက်လုပ်ငန်းရှင် များအနေဖြင့် ကျူးကျော်စုပ်ယူခြင်း၊ စည်းကမ်းမဲ့ စုပ်ယူခြင်းများ တွေ့ရှိရပါက ရဲစခန်းသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ပါရန်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ချက်ချက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း” ဖြေကြားခဲ့သည်။

အလားတူ ဒုတိယဝန်ကြီးက “မြစ်သဲကျောက် ထုတ်လုပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကိုလည်း လုပ်ငန်းရှင်များ အသိပေးညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊ တိုင်ကြားမှုများ ပေါ်ပေါက်လာပါက မှန်ကန်မှုရှိ/မရှိ စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းစိစစ်စေပြီး တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် မြစ်သဲကျောက်ထုတ်လုပ်မှု ကြီးကြပ်ရေးကော်မတီများ၏ ဆုံးဖြတ်ချက်များဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မတီအဆင့်ဆင့်မှ ကွင်းဆင်းစစ်ဆေးပြီး တိုင်းဒေသကြီး မြစ်သဲကျောက် ထုတ်လုပ်မှု ကြီးကြပ်ရေးကော်မတီသို့ လစဉ်တင်ပြ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဒေသန္တရ အုပ်ချုပ်ရေး အာဏာပိုင်များ အနေဖြင့် အလွဲသုံးစားပြုလုပ်မှုများ ပေါ်ပေါက်ပါက တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း” ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

MDN