နေပြည်တော် နိုဝင်ဘာ ၁
ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင် ၊ မြေ ၊ အဆောက်အဦ အတိုင်းအတာစိစစ်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဆောက် လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင် ၊ မြေ ၊ အဆောက်အဦ အတိုင်းအတာ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌဒုတိယဝန်ကြီး ဦးဝင်းဖေ က ကော်မတီသည် မြေနှင့် အဆောက်အဦ တိုင်းတာစစ်ဆေးရေးနှင့် ပတ်သက်၍ လိုအပ်သည့် အမိန့် / ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသဖြင့် မြေ ၊ အဆောက်အဦ တိုင်းတာစိစစ်ရေး ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော တိုင်းဒေသကြီးနှင့် ပြည်နယ် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့၏ တိုင်းဒေသကြီးနှင့် ပြည်နယ်မြေပြင်အခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေမည့် ဌာနဆိုင်ရာများ ပါဝင်သော မြေ ၊ အဆောက်အဦ တိုင်းတာစိစစ်ရေး ကော်မတီခွဲတွင် အဖွဲ့ခေါင်းဆောင်များအနေဖြင့် တာဝန်ယူဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ကော်မတီခွဲများသည် ကော်မတီ၏ လုပ်ငန်းတာဝန်များကို မြေပြင်လက်တွေ့ ကွင်းဆင်းတိုင်းတာစိစစ်၍ ပုဂ္ဂလိ ကပိုင်ပြုလုပ်ရေးကော်မရှင်က သတ်မှတ်ပေးထားသည့် ပုံစံ (၁၅) ချက်နှင့်အညီ ပြန်လည် တင်ပြရမည်ဖြစ်သည့်အတွက် လုပ်ငန်းတာဝန်နှင့် သင့်လျော်သည့်ဌာနများထည့်သွင်းပြီး လုပ်ငန်းများလျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ရေး ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းရန်လိုကြောင်း ၊ ကော်မတီခွဲများအနေဖြင့် မြေပြင်တွင်တိုင်းတာ စိစစ်ရမည့်လုပ်ငန်းအမျိုးအစား (၃) မျိုးရှိ ကြောင်း၊ ကော်မတီခွဲများမြေပြင်ကွင်းဆင်း၍ တွေ့ရှိသည့်အချက်များသည့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်မှ ပေးပို့သည့် အချက်အလက်များနှင့် ကွဲလွဲမှု ရှိ / မရှိ တိုင်းတာ စိစစ်ပြီး သတ်မှတ်ပုံစံများနှင့်ပြည့်စုံစွာ ရေးသားပေးပို့ရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၊ ညွှန်ကြား ရေးမှူးချုပ် ဦးအောင်ကျော်စိုး က ကော်မတီ လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းဆွေးနွေးတင်ပြ ပြီးကော်မတီဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်