နေပြည်တော် ၂၆ ဖေဖော်ဝါရီ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့မှ ပြည်ပ ပညာသင်များ၏ သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ရေဆင်းတက္ကသိုလ်များနယ်မြေရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ 

 

2

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အဖွင့်အမှာစကား ပြောကြားရာတွင် သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိရစ္ဆာန်ရောဂါ စစ်ဆေးရေး ဓါတ်ခွဲခန်းများ၊ ဆေးဝါးနှင့် တိရစ္ဆာန်အာဟာရ စစ်ဆေးရေး ဓါတ်ခွဲခန်းများ၊ ငါးလုပ်ငန်းစစ်ဆေးရေးနှင့် အရည်အသွေး ထိန်းသိမ်းရေးဓါတ်ခွဲခန်းများကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည့်နည်းတူ ပြည်တွင်း ဘွဲ့လွန်သင်တန်းများအပြင် ခေတ်နှင့်အညီ တိုးတက်လာသည့် နည်းပညာများ လေ့လာနိုင်စေရေးအတွက် ပြည်ပသင်တန်းများစေလွှတ်၍ နည်းပညာအသစ်များ လေ့လာသင်ယူနိုင်ရန် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာသင်များအနေဖြင့် ပြည်ပအတွေ့အကြုံကောင်းများအား မိမိတို့၏ လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေမှုရှိစွာ ဆန်းသစ်တီထွင်ပြီး လက်တွေ့အသုံးချပညာရပ်များအဖြစ် ပြောင်းလဲပေးနိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း။

သုတေသနလုပ်ငန်းစဉ်သည် တက္ကသိုလ်၏ အသက်သွေးကြောဖြစ်သကဲ့သို့ ဘက်စုံဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းသည် အရေးပါသောကဏ္ဍတွင် ပါဝင်နေသည်ကို သတိပြုကြရမည်ဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းတိုင်းသည် ရလဒ်ကောင်းမဖော်ထုတ်နိုင်သော်လည်း သုတေသနရလဒ်ကောင်းတစ်ခုသည် အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ကြောင်း၊ သို့ဖြစ်၍ အောင်မြင်မှုပန်းတိုင်၏ သွားရာလမ်းကြောင်းတွင် အရင်းအနှီးနှင့် ပေးဆပ်ရမှုများရှိနိုင်သဖြင့် သုတေသနပညာ ရှင်များအနေဖြင့် မဆုတ်မနစ်သော ဇွဲ လုံ့လ ဝီရိယထား ကြိုးပမ်းသွားကြရန် တိုက်တွန်းအားပေးလိုက်ပါကြောင်း၊ အတွေးအခေါ်သစ်များကို ပြောင်းလဲလက်ခံနိုင်သည့် စိတ်ဆန္ဒကောင်းများကို အခြေခံ၍ မိမိတို့ကျွမ်းကျင်ရာ ဘာသာရပ်အလိုက် သုတေသနပြုခြင်းများအပြင် ဆက်နွယ်ရာ ဘာသာရပ်များ စုပေါင်းဆောင်ရွက်သည့် သုတေသနလုပ်ငန်းများကိုလည်း ကြိုးစားဆောင်ရွက်ကြရန်၊ ပညာရပ်ပိုင်းသာမက လက်တွေ့ လူမှုဘဝနယ်ပယ်အထိပါ အကျိုးပြုနိုင်သည့် သုတေသနလုပ်ငန်း ဖော်ထုတ်ပေးနိုင်ကြပါစေကြောင်း ဆန္ဒပြုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမာမာဝင်းက စာတမ်းဖတ်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် အနေဖြင့် ယနေ့အထိ တိရစ္ဆာန်ဆေးသိပ္ပံဘွဲ့ ၅၆၇၂ ဦး၊ တိရစ္ဆာန် မဟာဆေးသိပ္ပံဘွဲ့ (M.V.Sc) ၂၉၆ ဦး၊ တိရစ္ဆာန်ဆေးပညာ မဟာဘွဲ့ (M.V.M) ၉ ဦး၊ ပါရဂူဘွဲ့ (Ph.D) ၂၀ ဦးတို့ကို မွေးထုတ်ပေးပြီးဖြစ်ကာ ဝန်ကြီးဌာန၏ လုပ်ငန်းလိုအပ်ချက်အရ စိတ်ပါဝင်စားသည့် ဘွဲ့ရဝန်ထမ်းများကို မွေးမြူထုတ်လုပ်ရေးလုပ်ငန်း ဒီပလိုမာ (Dip.L.I.S) သင်တန်းနှင့် မွေးမြူထုတ်လုပ်‌ရေး ဒီပလိုမာ (Dip.L.P.A) သင်တန်းများ ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့သည်။ 

 

3

 

ယနေ့ကျင်းပပြုလုပ်သည့် ပြည်ပ ပညာသင်များ၏ သုတေသနစာတမ်းဖတ်ပွဲ၌ မြန်မာနိုင်ငံ ပျားသုတေသနဆောင်ရွက်မှုများတွင် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်က ပါဝင်‌ဆောင်ရွက်မှု အခြေအနေများစာတမ်း၊ မြန်မာ့နွားမျိုးများ၏ မျိုးရိုးဗီဇခွဲ ကွဲပြားခြားနားမှုကိုလေ့လာခြင်း စာတမ်း၊ နို့စားနွားမများအတွက် လွှတ်ကျောင်းသည့် စားကျက်မြက်တွင် ပါဝင်သည့် Crude Protein အား အပြည့်အဝ အသုံးချနိုင်ရေး ကြိုတင်တွက်ချက်ထားရှိသည့် အစာစီမံချက်ဆိုင်ရာ သုတေသန စာတမ်း၊ နယူးဇီလန်နိုင်ငံ မာနာဝါတူပြည်နယ်အတွင်းမှ ESBL နှင့် AmpC-Blatamase အင်ဆိုင်းများ ထုတ်လုပ်ခြင်းဖြင့် ဆေးယဉ်ပါးနေသော E-coli ပိုးများအား ရှာဖွေခြင်း သုတေသန စာတမ်း၊ ဂျပန်နိုင်ငံ ဖူကူအိုကမြို့ရှိ လူသားအရင်းအမြစ်နှင့် အစားအစာအရင်းမြစ်များမှ E-coli ဘက်တီးရီးယားပိုးများ၏ ပဋိဇီဝဆေးယဉ်ပါးမှုကို ရှာဖွေခြင်း သုတေသနစာတမ်း၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့၏ နယ်စပ်များမှ ဝက်နှင့် ဝက်ထွက်နမူနာပစ္စည်းများမှ ရရှိလာသော Salmonella နှင့် E-coli ဘက်တီးရီးယားများအား ESBL နှင့် colistin ဆေးယဉ်ပါးမှုကိုလေ့လာခြင်း စာတမ်း။

ကမာကောင်(Oyster)နှင့် ပင်လယ်ရေမှ ကောက်ယူရရှိသော Vibrio parahaemolyticus ဘက်တီးရီးယားမျိုးစိတ်ထိမှ ပဋိဇီဝဆေးယဉ်ပါးမှုဆိုင်ရာ မျိုးဗီဇများနှင့် ဝမ်းလျှောရောဂါကို ဖြစ်ပွားစေသည့် မျိုးဗီဇများ ရှာဖွေဖော်ထုတ်ခြင်းစာတမ်း၊ တောင်ကိုရီးယား၏ ပညာတော်သင် အတွေ့အကြုံများနှင့် Program အား Overview ရှင်းလင်းတင်ပြခြင်းစာတမ်း၊ ငါးလုပ်ငန်း သိပ္ပံဆိုင်ရာ စီးပွားရေးနှင့် စီမံကိန်းစီမံခန့်ခွဲမှု ဘာသာရပ်နှင့် အတွေ့အကြုံများအား ရှင်းလင်းတင်ပြခြင်း စာတမ်း၊ ငါးလုပ်ငန်းစီမံခန့်ခွဲမှုဘာသာရပ်နှင့် ပတ်သက်သည့် အတွေ့အကြုံများအား မျှဝေခြင်းစာတမ်း၊ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ‌ကျေးလက်ဒေသနေထိုင်သည့် အမျိုးသမီးများမှ ကျေးရွာဖွံ့ဖြိုးရေး အသင်းအဖွဲ့အစည်းများတွင် ပူးပေါင်းပါဝင်မှုများကို လေ့လာခြင်းစာတမ်း၊ ဒေသတွင်း စီးပွား‌ရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် လူထုဗဟိုပြု စီမံကိန်း၏ အကျိုးသက်ရောက်မှု စာတမ်း စသည့် စာတမ်းများအား ဆွေးနွေးခန်းမဆောင် (၂)ခုတို့တွင် တင်သွင်းဖတ်ကြားကြမည် ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်